Monday, August 17, 2009
သူငယ်ချင်းများ
ကိုယ့်တို့သူငယ်ချင်းတွေက ဘယ်သွားသွား အုပ်စုနဲ့ ။ တစ်ယောက်သွား အကုန်လိုက် ဖြစ်နေတာလေ။ တစ်ယောက်နဲ့ တစ်ယောက် လျှိုထားလို့ မရဘူး။ လျှိုထားလို့ မိသွားရင် အုပ်စုလိုက်ကို ၀ိုင်းပြောကြတာကိုး။ အဲဒါကြောင့်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာပြီး ပိုပြီးသံယောဇဉ် ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။
သူငယ်ချင်းတွေထဲမှာ ချိန်ပါတွေရှိတယ်။ ရုပ်ဆိုးလို့လားလို့ မေးလာရင် မဆိုးပါဘူးလို့ ဖြေရမှာပါ။ ဒါပေမယ့် ခန့်ခန့်ချောချောတွေတော့လည်း မဟုတ်ဘူးပေါ့လေ။ မိဘအသိုင်းအ၀ိုင်းတွေကလည်း သိပ်အခြေအနေ ဆိုးတာ မဟုတ်ကြ။ ပွေတတ် ရှုပ်တတ်တာလည်း မဟုတ်ဘဲနဲ့ကို မစွံတာ။ ချိန်ပါ ဖြစ်နေတာ။ ပိုဆိုးတာက သူတို့ကြိုက်လိုက်တဲ့ မိန်းကလေးတိုင်း သူတို့ကြိုက်ပြီး မကြာခင်မှာ တခြားသူတွေနဲ့ ရည်းစားဖြစ်ဖြစ်သွားတာပဲ ။
သူငယ်ချင်းတစ်ယောက်ဆို (နာမည်တော့ မရေးတော့ပါဘူး ) သူက ကောင်မလေး တစ်ယောက်ကို ကြိုက်တယ်။ အဲဒီကောင်မလေးက သူမကြိုက်ခင်ကဆို ထဘီကို ရင်ခေါင်းအထိ ၀တ်ပြီး အလှလည်း လုံးဝ မပြင်ဘဲ တကယ့်ကို ရိုးရိုးကြီး နေတတ်သူပါ။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းလည်း ကြိုက်ရော ကောင်မလေးက အလှပြင်တတ်လာတယ် ။ မကြာခင်မှာပဲ တခြားတစ်ယောက်နဲ့ ရည်းစား ဖြစ်သွားတယ်။ အဲဒါက ကိုယ့်သူငယ်ချင်း ပွဲဦးထွက် အသည်းကွဲတာပါ။ ဒါက အထက်တန်းကျောင်းမှာ ဖြစ်ခဲ့တာ။
ဒီကောင်ပဲ ဆယ်တန်းဖြေပြီး အားလပ်နေချိန်မှာပေါ့ နောက်ထပ် မိန်းကလေး တစ်ယောက်ကို ထပ်တွေ့ပြန်တယ်။ ဖြစ်ပုံက အဲဒီနေ့မှာ ကိုယ့်သူငယ်ချင်းနဲ့ သူရဲ့ သူငယ်ချင်းတစ်ယောက် (ကိုယ်တို့အဖွဲ့ထဲကတော့ မဟုတ်) ဆိုင်ကယ်စီးပြီး မြို့ပတ်ကြတယ်။ တစ်နေရာရောက်တော့ သူတို့ဆိုင်ကယ်ရှေ့က ဆိုက်ကား နောက်ခုံမှာ ထိုင်လာတဲ့ ကောင်မလေးကို သတိထားမိပြီး ဒီကောင်က ကြွေပါလေရော။ မြို့ငယ်လေးဆိုတော့ သိပ်ပြီး မစုံစမ်းလိုက်ရပါဘူး။ ဒီကောင်မလေး အိမ်ကိုကော ၊ ကောင်မလေး အကြောင်းကိုပါ သိရတယ်။ သိရတော့ ဆက်လိုက်တာပေါ့။
ကောင်မလေး စက်ဘီးနောက်ကို သူတို့နှစ်ယောက်က လိုက်ပြီး ပြုံးပြ ၊ စကားပြောနဲ့ သူ့ကိုယ်သူတော့ ဟုတ်နေပြီပေါ့။ ကောင်မလေးကလည်း ပြန်ပြုံးပြတယ်ဆိုပဲ။ မကြာပါဘူး ။ သူ့ဆိုင်ကယ်နောက်မှာ သူ့ကို အဖော်လိုက်ပေးနေတဲ့ သူ့သူငယ်ချင်းနဲ့ အဲဒီကောင်မလေး ရည်းစား ဖြစ်သွားပါတော့တယ်။
Saturday, August 8, 2009
စစ်ရဲ့ဒဏ်
လူကြီးတွေက အထုပ်ကို အဆင်သင့်ပြင်ထားတယ်။ ပြေးဖို့လေ။ ကိုယ့်အိမ်က တန်ဖိုးကြီး ပစ္စည်းတွေနဲ့ မိသားစုအတွက် အ၀တ်အစား အပိုတစ်စုံစီထည့်ပြီး ထုပ်ထား။ အဲဒီအထုပ်ကို အိပ်ရာနားမှာ အဆင်သင့်ထားပြီး သတိကြီးကြီးနဲ့ အိပ်ရပါတယ်။
ကိုယ်တို့ရွာထက် အခြေအနေဆိုးတဲ့ ရွာတွေအများကြီး ရှိပါသေးတယ်။ သူတို့ဆို ရွာကို စွန့်ပြီး တောထဲမှာ သွားပုန်းနေရတာ နှစ်နဲ့ချီပြီးတောင် ကြာတတ်ပါတယ်။ ကျောင်းတက်နေတဲ့ကလေး တွေကလည်း ဒီနှစ်တက်နေတဲ့အတန်း မပြီးခင် တိုက်ပွဲဖြစ်ရင် ရွာလုံးကျွတ်ပြေးရပြီး တိုက်ပွဲပြီးလို့ ရွာထဲမှာ ပြန်လာနေချိန်ကျတော့လည်း ဒီအတန်းကိုပဲ ပြန်တက်ရပြန်ရော။ တိုက်ပွဲက အချိန်မရွေး ဖြစ်နေတာဆိုတော့ သူတို့ခမျာလည်း အသက်တွေသာ ကြီးသွားတယ် အတန်းက မတက်လာပါဘူး။ ဒီလိုနဲ့ အပျိုပေါက် လူပျိုပေါက်ဖြစ်ရင် ကျောင်းထွက်ပြီး မိဘကို ၀ိုင်းကူ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေကျ သားသမီးတွေရ တိုက်ပွဲတွေဖြစ် တောထဲကိုပြေးနဲ့ သံသရာ လည်နေပါတော့တယ်။
ရွာတွေမှာလည်း အိမ်ကောင်းကောင်း မဆောက်ရဲအောင်ပါပဲ။ သစ်ပေါ ၀ါးပေါတဲ့ ဒေသဖြစ်လို့ အိမ်ကောင်းကောင်း ဆောက်ထားကြပေမယ့် အခန့်မသင့်ရင် ရွာလုံးကျွတ် မီးအရှို့ခံရဖန် များလာတော့ အိမ်ကောင်းကောင်း မဆောက်ရဲတဲ့ ခေတ်တစ်ခေတ် တကယ်ရှိခဲ့ပါတယ်။
တစ်ချို့နေရာတွေဆို အလောင်းတွေ များလွန်းလို့ သွေးညှီနဲ့တွေက လှိုင်နေအောင် ထ တာမျိုးလည်း ရှိခဲ့ပါတယ်။ လူကြီးတွေကတော့ တစ်ခါတစ်လေ ခရီး အလျင်လိုရင် အလောင်းတွေကို မရှောင်နိုင်တော့လို့ ကျော်သွားလိုက်ပါတယ်။
နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုတို့ အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တော့မှ ကိုယ်တို့လည်း သိပ်မပူပန်ဘဲ နေနိုင်ခဲ့တာ။
ကိုယ်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြမိတယ်။ နယ်မြေဒေသ သိပ်မဝေးတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို နားလည်ကြတယ်။ ဒီအဖြစ်တွေကို သူတို့လည်း (ကိုယ်တို့လောက် မဟုတ်ပေမယ့်) ကြုံဖူးကြတယ်လေ။ ဒါပေမယ့် ရဲမှူးကြီးတစ်ယောက်ရဲ့ သမီးကတော့ ကိုယ့်ကိုပြောတယ်။ “အခြေအနေမကောင်းရင် အဲဒီနေရာမှာ မနေနဲ့ပေါ့” တဲ့။ ကိုယ်ဘာမှ ပြန်မပြောလိုက်ပါဘူး။ ပြန်ပြောဖို့ အဖက်မတန်ဘူးထင်လို့။
လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်အုပ်စုနဲ့က အဆင်မ ပြေလေတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြန်ပါပြီ။ ရွာသားတွေလည်း ပြေးနေရပြန်ပါပြီ။ တချို့ မိသားစုလိုက်၊ တချို့ကလည်း အိမ်စောင့် တစ်ယောက် (အထူးသဖြင့် အဖေဖြစ်သူ) ကျန်ရစ်ခဲ့ပြီး ကျန်တဲ့ မိသားစုဝင်တွေက လွတ်ရာကို ရှောင်နေကြနဲ့ စိတ်မကောင်းစရာပါ။
စစ်ရဲ့ဒဏ်ကို စာတွေ့နဲ့ ကြားဖူးနားဝနဲ့တောင် လူအများစုက ကြောက်ရွံ့နေတတ်တာ၊ စစ်ဖြစ်ရာ ဒေသက လူတွေကို သနားနေတတ်တာ၊ ကိုယ်တိုင် ခံစားခဲ့တဲ့ ကိုယ်ကတော့ စစ်ဆိုရင် အမုန်းကြီးမုန်း နေမိပါတော့တယ်။
Wednesday, August 5, 2009
ရှာမတွေ့ခဲ့
မိသားစုဝင်အချင်းချင်း ၊ သူငယ်ချင်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ အထင်အမြင် လွဲမှားတာတွေလည်း ဒီလိုပါပဲ။ ဖွင့်ပြောဖို့ ခက်ခဲတဲ့ ကိစ္စတွေမှာ အမှန်တရား တစ်နေ့ပေါ်လာနိုးနဲ့ စောင့်ရင်း လတွေ ၊ နှစ်တွေသာပြောင်းသွားပြီး အမုန်းထုထည်တွေသာ ကြီးလာတယ် ၊ အမှန်တရားဆိုတဲ့ အရာက ဘယ်ဆီရောက်နေမှန်းမသိ။
ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေမှာတော့ ဇာတ်သိမ်းခါနီးမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ပရိသတ်သိအောင် ပြတတ်ပါတယ်။ အဲဒီမှာ တရားသဖြင့်နေတဲ့သူက အနိုင်ရတယ်ပေါ့။ အပြင်လောကမှာတော့ အဲဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မှာပါ။ တချို့သူတွေဆို အများကောင်းကျိုးကို ဘ၀နဲ့ရင်းပြီး ဆောင်ရွက်နေတာတောင် အထင်အမြင် လွဲခံရတာ ရှိပါတယ်။ ဘယ်လောက်ရင်နာစရာ ကောင်းသလဲ။
ကိုယ်က စေတနာနဲ့ ပြောရက်သားနဲ့ ကိုယ့်စေတနာကို လှောင်ပြောင်တာ၊ စော်ကားတာမျိုးကိုလည်း ကြုံဖူးကြမှာပါ။ ဒါမျိုးက မိဘနဲ့ သားသမီး၊ မောင်နှမအချင်းချင်းကြားမှာ ပိုပြီး ဖြစ်လေ့ရှိပါတယ်။ မိဘဘက်ကို ပြန်စဉ်းစားကြည့်ပါ။ သူတို့ကျွေးမွေးစောင့်ရှောက်လာတဲ့ သားသမီးက သူတို့ကို လှောင်ပြောင်စော်ကားတာ သူတို့ရင်ထဲမှာ ဘယ်လောက် ခံစားရမလဲဆိုတာ။ တချို့ဆို နှစ်အနည်းငယ် လအနည်းငယ်လောက် ချစ်ခဲ့ရတဲ့ ချစ်သူ (တကယ်တော့ ချစ်သူဆိုတာလည်း သူစိမ်းပါပဲ။ သူ့ကိုယ်သူထက်တော့ ကိုယ့်ကို ပိုမချစ်ပါဘူး) အတွက် နှစ်ပေါင်းများစွာ ကိုယ့်ကို ကျေးဇူးပြုခဲ့ စေတနာထားခဲ့ ကိုယ့်အတွက်နဲ့ သူတို့ဘ၀ကို ရင်းထားတဲ့ မိဘကို ပြန်ပြောနေလိုက်ကြတာ။
မိတ်ဆွေ သူငယ်ချင်း အချင်းချင်း ကြားမှာလည်း ကိုယ်တွေရဲ့ ရင်းနှီးခင်မင်မှုကို တစ်ယောက်ယောက်က မရှုစိမ့်လို့ပဲဖြစ်ဖြစ် ၊ မရည်ရွယ်ဘဲဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး အထင်အမြင်မှားအောင် လုပ်တတ်ကြပါတယ်။ အဲဒါကို ပထမတော့ “ဒါတွေက အသေးအမွှားပါ အချိန်တန်ရင် ပြီးသွားမှာပါ၊ ငါ့စိတ်ဓါတ်ကို သူသိနေတာပဲ။ သူနားလည်သွားမှာပါ ” ဆိုတဲ့ အတွေးနဲ့ အမှုမဲ့ အမှတ်မဲ့ နေရာက တစ်ယောက်ကို တစ်ယောက် လုံးဝ မယုံကြည်တော့တဲ့ အဆင့်ကို ရောက်သွားသူတွေ အများကြီးပါ။
အဖွဲ့အစည်းလုပ်ငန်း လုပ်တဲ့သူတွေဆို ပိုပြီး သိနိုင်မှာပါ။ ကလိန်ကကျစ် လုပ်နေသူက တစ်ယောက်၊ အထင်မှားခံရသူက တခြားတစ်ယောက် အဲဒီလို လွဲချော်နေတာမျိုး ရှိပါတယ်။ ဒီအလွဲကို ပြန်တည့်အောင် ကြိုးစားဖို့ကလည်း မှန်တဲ့လူဘက်မှာ အားနည်းနေတတ်ပြန်ပါတယ်။ ငွေရေး ကြေးရေး ကိစ္စတွေဆို ပိုပြီး ဖြေရှင်းရခက်ပါတယ်။
ဖုံးကွယ်ထားလို့ မရဘူးဆိုတဲ့ အမှန်တရားက ရှာလို့မတွေ့နိုင်အောင် ခက်ခဲတာတော့ အမှန်ပါပဲ။ ရှိနေတယ်။ သိနေတယ်။ ဒါပေမယ့် လက်တွေ့ပြလို့ မရတဲ့ အနေအထားတွေလည်း ဖြစ်နေပြန်တယ်။ အဲဒီလို တ၀ဲလည်လည်နဲ့ပဲ ဘ၀တုံးသွားသူတွေ မနည်းတော့ပါဘူး။
Sunday, August 2, 2009
မေးခွန်းအတွက် အဖြေ(၂)
“နင်တစ်ယောက်တည်းလား ကျော်ဇင်၊ ကျော်စိုးနဲ့ ရန်နိုင်ထွန်းကော”
“ကင်တင်းမှာ”
ခပ်တိုတို ဖြေပြီး ဘလက်ဘုတ်ကိုသာ စိုက်ကြည့်နေမိတယ်။ ငါ့ရင်ထဲမှာ နင့်ကို မေးချင်တာ ပြောချင်တာ အများကြီးပါပဲ သီတာရယ်----
သီတာက သူ့လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး စာကြည့်ဖို့ပြင်တော့
“နေပါဦး ဒီနေ့ ဘယ်ဘာသာ ကျူတိုရီရယ် ရှိလို့လဲ”
“ကျူတိုရီရယ် မရှိပါဘူး။ ငါ ကျောင်းပျက်ထားတာ များတော့ အချိန်ရတုန်း စာကြည့်နေရတာ”
အဲဒါပဲ ငါသိချင်နေတာ --- နင်ဘာလို့ ကျောင်းပျက်တာလဲ---- ဒါပေမယ့် အဲဒီမေးခွန်းဟာ နင် မဖြေချင်ဆုံး မေးခွန်းမှန်း ငါသိနေတော့ ----
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျော်ဇင် ဘာမေးချင်လဲဆိုတာ ကိုယ်ရိပ်မိပါတယ်။ မေးလာခဲ့ရင် ဘယ်လို ဖြေရမလဲဆိုတာ ကိုယ် မတွေးတတ်ပါဘူး။ ကိုယ်မလုပ်ခဲ့တဲ့ အမှားတစ်ခုအတွက် ဖြေရှင်းချက်တောင်းလာရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဘယ်သူများ နားလည်နိုင်မလဲ။ ဘယ်သူများ တတ်စွမ်းသလဲ ။ လေ့လာ သင်ယူလိုက်ချင်ပါတယ်။
မနက်က အဖြစ်ကို စဉ်းစားရင်း ခုတင်ပေါ်မှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် လုပ်နေတဲ့ ကိုယ့်ကို ပုလဲက
“မသီတာ အိပ်မပျော်ရင်လည်း စာ ထ လုပ်ပါလား စာမေးပွဲလည်း နီးနေပြီပဲဟာ”
“မနက်ကျမှ ထလုပ်မယ် ပုလဲရယ်”
“အခုလည်း အိပ်ပျော်တာမှ မဟုတ်ဘဲ ထပါ မသီတာ ပုလဲ လက်ဖက် သုပ်ပေးမယ် ”
ဟင်း --- ကိုယ့်အဖြစ်ကလည်း ကိုယ့်ထက် အတန်းကော အသက်ပါ ငယ်တဲ့သူက ကိုယ့်ကို ပြုပြင် ဆုံးမနေရပါလား-----
ခုတင်ပေါ်က လူးလဲထပြီး စောင်ကို ဖြန့်ပြီးခေါက်လိုက်တော့ အမှတ်မထင် ကိုယ့်စောင် ထောင့်စွန်းက စားပွဲပေါ်က စာအုပ်တစ်အုပ်ကို ထိမိပြီး စာအုပ်က ကြမ်းပြင်ကို ကျသွားတော့တယ်။ စောင်ကို ပြီးအောင် ခေါက်ပြီး ကြမ်းပေါ် ကျနေတဲ့ စာအုပ်ကို ကောက်လိုက်တော့ စာရွက်ခေါက်လေး တစ်ခုက လျှောခနဲ ထွက်ကျသွားပြန်တယ်။
စာကို ကောက်ယူပြီး ဖတ်ကြည့်မိတော့
သီတာ
နင့်မှာ ဘာအခက်အခဲတွေ ရှိနေလဲ။ ငါ့ကို ပြောပြပါလား။ မဟုတ်ရင်လည်း နှင်းနှင်းဝေကို ပြောပြပေါ့။ နင့်အခက်အခဲကို သိမှ နင့်ကို ငါတို့က ကူညီလို့ ရမှာလေ။ ဘာကိစ္စပဲ ဖြစ်ဖြစ် နင်တစ်ယောက်တည်း မဆုံးဖြတ်ပါနဲ့။ စာမေးပွဲလည်း နီးနေပြီ။ ကျောင်းမပျက်ပါနဲ့တော့။
နင့်ကို အမြဲခင်နေမယ့်
ကျော်ဇင်
စာကို ကိုင်ပြီး ငိုင်နေမိတယ်။ လက်ဖက်သုပ်ပန်းကန်နဲ့ ရေနွေးဓါတ်ဗူးကို သယ်ပြီး အခန်းထဲ ၀င်လာတဲ့ ပုလဲက
“ဘယ်သူ့ဆီက စာလဲ မသီတာ အိမ်ကလား ဘာဖြစ်လို့လဲ”
“ကျော်ဇင်ဆီက စာပါ”
“မေးရဦးမယ် ။ ကိုကျော်ဇင်နဲ့ မသီတာက ဘယ်လိုလဲ ”
“ရိုးရိုးသားသားပါပဲ”
“မဖြစ်နိုင်တာ မသီတာကလည်း ကိုယ့်အချင်းချင်းပဲဟာ ပွင့်ပွင့်လင်းလင်းပေါ့ ပြောပြပါ ”
“ကျော်ဇင် အစ်မကို ပရိုပို့စ် လုပ်ထားတာတော့ ဟုတ်တယ်။ ဒါပေမယ့် အစ်မက သူ့ကို သူငယ်ချင်း လိုပဲ ခင်တယ်။ ကျော်ဇင်က စိတ်ကောင်းတယ်။ ဖြောင့်မတ်တယ်။ အစ်မကိုလည်း သူသနားတယ် ထင်ပါရဲ့။ အကူအညီလိုရင် ပြောဖို့ အမြဲပြောတယ်။”
“ပုလဲတို့ အတန်းထဲက ကိုကျော်စိုး ၀မ်းကွဲညီမကို မသီတာ သိတယ် မဟုတ်လား”
“အင်း သိတာပေါ့ တစ်မြို့တည်းသားတွေပဲ”
“သူကတောင်ပြောတယ် မသီတာက ဘာဖြစ်လို့ ကိုကျော်ဇင်ကို ပြန်မကြိုက်တာလဲ မသိဘူးတဲ့”
သူငယ်ချင်းတွေကလည်း ကိုယ့်ကို ဒီလိုပဲ ဝေဖန်ကြပါတယ်။ ကိုယ့်မှာလည်း ပြဿနာတွေ အစုလိုက် အပြုံလိုက်နဲ့မို့ ဒီအချိန်မှာ ဘယ်သူ့ကိုမှ ပြန်ကြိုက်ဖို့ စိတ်မကူးဝံ့ပါဘူး။ ပြီးတော့ ကိုယ့် နာမည် မကောင်းသတင်းထွက်နေတာကို ကျော်ဇင်ကကော မကြားဖူးလို့ ပြောနိုင်မလား။
ကဲ စိတ်ကို ငြိမ်ငြိမ်ထားပြီး စာကြည့် ။ ဒီအဖြေကို စာမေးပွဲပြီးမှပဲ သေသေချာချာ ရှာစမ်းပါ သီတာ----
ကိုယ့်ကိုယ်ကိုယ် ဆုံးမရင်း စာအုပ်တစ်အုပ်ကို ဖွင့်လိုက်မိပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“သေချာလို့လား ကိုခင်မောင် ကောင်မလေး ကြည့်ရတာ ရိုးသားပုံရပါတယ်။ သူများ သမီးပျိုလေးကို လက်လွတ်စပယ် မပြောပါနဲ့ ။ ကျွန်မတို့ သားကကော အဲဒီလောက် မိုက်ပါ့မလား။”
“သိပ်သေချာတာပေါ့ကွာ ငါ့သူငယ်ချင်း မြင့်ထူးကို မင်းသိတယ်မဟုတ်လား။ မြ၀တီနဲ့ ရန်ကုန်ကို ကုန်ကူးနေတဲ့လူလေကွာ”
“သိပါတယ် အဲဒီလူက ဘာဖြစ်လို့လဲ”
“သူက ငါ့ကို ပြောပြတာကွ။ ကောင်မလေး အမေကလည်း အဲဒါပဲ လုပ်စားနေတာတဲ့ ။ ဒီလူ မလိမ်တတ်ဘူးဆိုတာ ငါသိပါတယ်။”
“ကြည့်ရတာ သားနဲ့ အဲဒီကောင်မလေးက သမီးရည်းစား မဖြစ်သေးတဲ့ပုံပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် တိတိကျကျ သိရအောင် စုံစမ်းကြတာပေါ့ ကိုခင်မောင် ။”
တကယ်တော့ ကိုယ်က ချောင်းနားထောင်ဖို့ လာခဲ့တာ မဟုတ်။ မနက်ဖန် စာမေးပွဲကြေး သွင်းဖို့ မေမေ့ဆီမှာ ပိုက်ဆံလာတောင်းရင်း ဖေဖေနဲ့ မေမေ စကားပြောနေတဲ့ အသံကို ကြားလို့ တံခါး မခေါက်သေးဘဲ ရပ်နေရာက ဒီစကားတွေကို ကြားရတာ။
နင့်သတင်း ကြားရတာမှန်သမျှ မောစရာချည်းပါပဲလား သီတာရယ်---------။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
Friday, July 31, 2009
မျှဝေတတ်တဲ့သူ
တခါတုန်းက ကိုယ်တို့ရဲ့ ဆရာမတစ်ယောက်က ကိုယ်တို့ကို မေးတယ်။ ဆရာမက အနောက်တိုင်းသူပါ။ မင်းတို့လူမျိုးတွေရဲ့ အကျင့်စရိုက်တွေထဲမှာ မင်းတို့ဘာကို ကြိုက်သလဲတဲ့။ အဲဒီတော့ ကိုယ်တို့တွေကလည်း တစ်ယောက် တစ်မျိုး ကိုယ်ကြိုက်တာ ကိုယ်ဖြေကြလေသတည်း ပေါ့လေ။ ကိုယ်ကတော့ ကိုယ်တို့ လူမျိုးတွေရဲ့ အခေါ်အဝေါ်တွေမှာ Family Terms သုံးတာကို ကြိုက်တယ်လို့ ဖြေလိုက်ပါတယ်။ ဟုတ်တယ် အဲဒီအလေ့အကျင့်လေးကို ကိုယ်တကယ် သဘောကျတယ်။ အစ်ကို အရွယ်ဆို အစ်ကို ၊ အစ်မအရွယ်ဆို အစ်မ စသဖြင့် ခေါ်ဝေါ်သုံးစွဲတာကို အရမ်းတန်ဖိုးထားမိတယ်။
အားလုံး တစ်ယောက် တစ်ပေါက် ဖြေပြီးတဲ့အချိန်ကျတော့ ဆရာမက ပြောတယ်။ “ငါကတော့ မင်းတို့လူမျိုးတွေဆီက အစားအသောက် မျှဝေတတ်တဲ့ အကျင့်လေးကို ကြိုက်တယ်” တဲ့။ အမှန်အတိုင်းပြောရရင် အဲဒီကိစ္စကို ကိုယ်တကယ် မစဉ်းစားမိဘူး။ ကိုယ်တို့ ငယ်ငယ်လေးကတည်းက တွေ့နေကျ အပြုအမူပဲဆိုတော့ ဒါကို တန်ဖိုးထားစရာ အလေ့အထအဖြစ် ကိုယ်မတွေးမိဘူးဆိုတာ ၀န်ခံပါတယ်။
ကိုယ့်လိုပဲ ကိုယ့်သူငယ်ချင်းတွေလည်း မတွေးမိဘူး ထင်ပါရဲ့။ သူတို့လည်း ဆရာမကို ကြောင်ပြီး ကြည့်နေကြတယ်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒါဟာ တကယ် ချစ်စရာ တန်ဖိုးထားစရာ ကောင်းတဲ့ အလေ့အထတစ်ခုပါပဲ။ အခုမှပဲ ကိုယ်လည်း အဲဒီအလေ့အထ ပျောက်သွားမှာ သိပ်စိုးရိမ်နေမိတော့တယ်။
အဲဒီက တဆင့် တက်ပြီး ကိုယ် တွေးမိတာက စားစရာမှ မဟုတ်ဘဲ ဘယ်အရာကိုမဆို မျှဝေ ခံစားကြမယ်ဆိုရင် ဒီထက်ပိုပြီး ချစ်စရာကောင်းတဲ့ အသိုင်းအ၀ိုင်း ဖြစ်လာမှာ အမှန်ပါပဲလို့လေ။ မျှဝေတတ်တဲ့သူကို ပတ်ဝန်းကျင်က ဒီလို လေးစားပြီး အသိအမှတ်ပြုပါလားလို့လည်း ယုံကြည်မိတယ်။
Monday, July 27, 2009
ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ
ထေရ၀ါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းနှစ်ဂိုဏ်းလုံးရဲ့ အခြေခံ သဘောတရားတွေကတော့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကံ ကံ၏ အကျိုးတရား၊ အနတ္တတရား၊ မဂ်တရား၊ ဖိုလ်တရား စသည်ဖြင့် တူပေမယ့် ဓမ္မအယူအဆမှာ ကွဲလွဲချက် အနည်းငယ် ရှိပါတယ်။
မြတ်စွာဘုရား ဟောကြားသော တရားတော်သည် သွာက္ခာတဂုဏ်နှင့်အညီ အစ၊ အလယ်၊ အဆုံး တိတိကျကျ ပြည့်စုံပြီးသားဖြစ်တယ်။ မြတ်စွာဘုရားရဲ့ တရားတော်၊၀ိနည်းတော်တို့ကို လိုက်နာ ကျင့်ကြံအားထုတ်ခြင်း ပြုဖို့လိုတယ်လို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြပါတယ်။
မဟာယာနဂိုဏ်းဝင်တွေကတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်ဟာ အရင်းခံမျှသာ ဖြစ်တယ်၊ ယင်းကို အခြေပြုပြီး တီထွင် ကြံဆနိုင်တယ်လို့ ယုံကြည်ကြတယ်။ ပြီးတော့ မြတ်စွာဘုရားအပေါ် သဒ္ဓါယုံကြည်မှုရှိရုံနဲ့ မဂ်ဖိုလ်အထိ အဆင့်ဆင့် ရနိုင်တယ်လို့လည်း ယူဆကြပါတယ်။
လောကဓံ လေရိုင်း
အမှတ်မထင် ထင်ရာစိုင်း
ရိုင်းသမျှ မွှေ။
တစ်ခါတစ်ရံ ရွက်နုကြွေ
တစ်ခါတစ်ရံ ရွက်နုဝေ
ကြွေတစ်ခါ ဝေတစ်လှည့်။
မုန်းချစ် မဟူသာ
သူ့အခါ သူ့ချိန်ရောက်က
လောကဓံ သူမွှေနှောက်နေကျ
ကြောက်စရာလည်း မလို
ငိုစရာလည်း မဟုတ်
ကြုံလာလျှင် မဖြုန်ချင်စမ်းပါနဲ့
လမ်း မပျောက်စေနဲ့။
တင်မိုး
ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။
Friday, July 24, 2009
မေးခွန်းအတွက် အဖြေ (၁)
မနက်က စောစောစီးစီး နှင်းနှင်းဝေ အဆောင်ကို ရောက်လာခဲ့တယ်။
“ နင်အချိန်ရလား သီတာ”
အခန်းထဲကို ၀င်လာပြီး ထိုင်တောင် မထိုင်ရသေးဘဲ ကိုယ့်ကို အလောတကြီးမေးတော့
“ထိုင်ပါဦး ထိုင်ပြီးမှ ပြောလည်း ရပါတယ် နှင်းရယ် ”
ကိုယ်ပြောမှပဲ ကိုယ်နဲ့ ခုတင်ကပ်ရက်နေတဲ့ ပထမနှစ် ကျောင်းသူလေး “ ပုလဲ” ရဲ့ ခုတင်ပေါ်မှာ ထို်င်လိုက်တယ်။
အဆောင်က ခုတင်တွေကလည်း အိပ်လို့ ဖြစ်ရုံလေး။ ကိုယ့် ခုတင်ကလည်း အခုလို ကိုယ်မီးပူတိုက်နေချိန်ဆို ထိုင်စရာကို မရှိတော့တာ။ ဒီလိုပဲ ကိုယ့်ဧည့်သည် သူ့ဧည့်သည် မခွဲဘဲ ရရာ ခုတင်မှာ ၀င်ထိုင်တတ်တာကလည်း ဒီအဆောင်ရဲ့ ချစ်စရာ အကျင့်တစ်ခုပါပဲ။
ပုလဲက ရေးကြီးသုတ်ပျာ ဖြစ်နေတဲ့ နှင်းနှင်းဝေကို လှည့်ကြည့်ပြီး သူ့ဆံပင်ရှည်ကို ဆက်ဖြီးနေလိုက်ပါတယ်။
အင်း --နှင်းနှင်းဝေဟာ အတော်လေးကို အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ သူဒီလို အရင်လိုတာ ပျာယာခတ်တာ တခါမှ မတွေ့ဖူးခဲ့။
မီးပူကို ပြီးအောင် မတိုက်တော့ဘဲ ပလပ်ကို ဖြုတ်ကာ အ၀တ်အစားတွေကို အလျင်အမြန် ခေါက်လိုက်မိပါတယ်။
“ကဲ နင်ပြောစရာရှိတာ အေးအေးဆေးဆေးပြော”
“ဒီမှာ ပြောလို့ မဖြစ်ဘူး သီတာ ဘုရားကို ဖြစ်ဖြစ် ဆိုင်တစ်ဆိုင်ကိုဖြစ်ဖြစ် သွားရအောင်”
“ကဲ ဒါဆိုလည်း သွားကြတာပေါ့”
“နင် အ၀တ်အစား မလဲတော့ဘူးလား”
“မလဲတော့ပါဘူး လာ သွားရအောင်”
နှစ်ယောက်သား အခန်းထဲက ထွက်လာတော့ အဆောင်ရှေ့ ၀ရံတာမှာ ထိုင်နေတဲ့ ပုလဲက
“စောစောပြန်လာနော် မသီတာ ”
တစ်ခုခုကို ပြောချင်နေတဲ့ ပုံပါပဲ။ ဘာဖြစ်လို့ပါလိမ့်။ ပုလဲက အရင်က ကိုယ်အပြင်ကို ဘယ်လောက်ထွက်ထွက် ဘာမှ ပြောဖူး မှာဖူးတာ မဟုတ်။ အင်း ဒီနေ့ကိုက ထူးဆန်းနေတာပါ။
**************************************************************************************
မြစ်ဘက်ကို မျက်နှာမူထားတဲ့ လက်တန်းလေးကို မှီပြီး နှင်းနှင်းဝေ ပြောလာမယ့် စကားတွေကို စောင့်နေမိတယ်။
ဒါပေမယ့် ပြောဖို့ခေါ်လာသူက ပြောရမှာ အတော် ၀န်လေးနေပုံပါပဲ။ ပြီးမှ ကိုယ့်အနားကို လာရပ်ပြီး ဘေးဘီကို လည်း ငဲ့ကြည့်ကာ အသံတိုးတိုးနဲ့
“သီတာ ဒီစကားကို ငါက နင့်ကို ခင်လွန်းလို့ နင့်အကျိုးကို လိုလားလို့ ပြောတာနော်”
“ပြောမှသာ ပြောပါ နှင်း နိဒါန်းချီမနေပါနဲ့”
“နင့်ကို လူတွေက ဟိုဒါ လုပ်စားနေတယ်လို့ ထင်နေကြတယ်”
“ဟင် ငါ့ကို ----”
ကိုယ့်တစ်ကိုယ်လုံး မီးတွင်းထဲ ကျသွားသလိုပါပဲ ။ ပူလိုက်တာ ။ ရှက်လိုက်တာ။ ပြီးတော့ အံ့သြလိုက်တာ ။ ဟိုဒါ လုပ်စားနေတယ် ဆိုတာ ခန္ဓာကိုယ်ကို ရင်းနှီးစားသောက်နေတယ်လို့ ပြောလိုက်တာပဲပေါ့။ ဘာကြောင့်လဲ--။ ဘာကြောင့် လူတွေက ဒီလို ပြောရတာတဲ့လဲ။
အရင်းနှီးဆုံး သူငယ်ချင်း နှင်းရဲ့ မျက်နှာကိုတောင် ကြည့်ဝံ့တဲ့ အင်အား မရှိတော့။ အရှင်ဘုရား ဖြစ်နိုင်မယ်ဆိုရင် တပည့်တော်မကို အခုချက်ချင်း သေသွားအောင် ပြုပေးပါဘုရား။
“သီတာ ငါ နင့်ကို ခင်လို့ ပြောတာနော် ငါ နင့်ကို မထင်ပါဘူး နင် ဘယ်လို လူမျိုးလဲဆိုတာ ငါသိပါတယ် ဒါပေမယ့် ငါ အခုပြောတာက နင့်ကို လူတွေ ဘယ်လို မြင်လဲဆိုတာ နင်သိအောင်လို့ ”
“ဘယ်သူက ပြောတာလဲ နှင်းရယ် နင်ကြားတာကော ကြာပြီလား”
“အင်း --- ဘယ်သူပြောသလဲဆိုတာတော့ ငါပြောလို့ မဖြစ်ဘူး ကြားတာကတော့  ဟိုး မစ်တမ်း(Mid Term) စာမေးပွဲ နောက်ဆုံးနေ့ကတည်းက ”
“အဲဒီကတည်းက ပြောရောပေါ့ နှင်းရယ် ”
“ငါလည်း နင့်ကို ပြောသင့် မပြောသင့် ဆုံးဖြတ်နေတာနဲ့ပဲ ဒီလောက်ကြာသွားတာ ဒီနေ့တော့ မပြောမဖြစ်တော့ဘူး ထင်လို့ ငါနင့်ကို ပြောတာ”
“ဒီနေ့တော့ မပြောမဖြစ်လို့ ဟုတ်လား ဒါဆို ငါ့အကြောင်းတွေက အတော်ပျံ့နေပြီပေါ့နော်။ ဘယ်လို လုပ်ရမလဲ နှင်း လူတွေရဲ့ အမြင်ကို ငါဘယ်လို ခြေဖျက်ရမှာလဲ သူငယ်ချင်းရယ်”
အားရပါးရ ငိုလိုက်ချင်ပေမယ့် ငိုဖို့တောင် စိတ်ပျက်တဲ့အထိ စိတ်ဓါတ်ကျနေမိပြီ ။ နှင်းကလည်း ကိုယ့်ကို နှိမ့်သိမ့်ဖို့ စကားလုံးရှာနေတယ် ထင်ပါရဲ့ ။ ဟိုး အဝေးက တောင်တန်းတွေကို မျက်ရည်ဝဲ၀ဲနဲ့ လှမ်းကြည့်နေတော့တာ။ နင်တောင် ငါ့အတွက် ဒီလောက် ခံစားရရင် ငါက ကာယကံရှင်ပါ နှင်းရယ်။
စာသင်ခန်းထဲမှာ ထိုင်နေ စာသင်နေရပေမယ့် စိတ်ကတော့ ဟိုနေ့က နှင်းနှင်းဝေ ပြောခဲ့တဲ့ စကားတွေကိုပဲ ပြန်ကြားယောင်နေမိတယ်။ စာသင်ချိန် ပြီးလို့ ဆရာ ထွက်သွားတော့ နှင်း က
“ ဟိုအကြောင်းပဲ စဉ်းစားမနေနဲ့လေ စာကိုလည်း စိတ်ဝင်စားဦး”
စာအုပ်ကို ကောက်ကိုင်ပြီး နှင်းကို တချက် စောင်းကြည့်ရင်း
“ ငါ ဘာတွေ လုပ်ခဲ့မိလို့ လူတွေက ငါ့ကို ထင်ရတာလဲ နှင်း ”
“ငါလည်း အဲဒါပဲ စဉ်းစားမရ ဖြစ်နေတာ နင့်ကို မနာလိုတဲ့ တစ်ယောက်ယောက်ကများ ဖွလိုက်လား မသိဘူးနော်”
“ငါ့မှာ သူများ မနာလို ဖြစ်စရာ ဘာအားသာချက်များ ရှိလို့လဲ သူငယ်ချင်းရယ်”
“အင်း အဲဒါလည်း ဟုတ်တာပဲ ”
စဉ်းစားစမ်း စဉ်းစားစမ်း ဘာဖြစ်လို့ ကိုယ့်ကို ဒီလို ထင်ရ ပြောရတာလဲ ။ တွေးကြည့်လေလေေ၀၀ါးလေလေနဲ့ ဖြစ်နိုင်ချေကို ရှာမတွေ့ခဲ့။ ဟုတ်ရင်ကျော် ပုပ်ရင်ပေါ်ဆိုပေမယ့် မဟုတ်ဘဲ ပေါ်လာတဲ့ ဒီစကားကြောင့် ကိုယ့်ဘ၀မှာ အမည်းစက်စွန်းပြီ ထင်ပါရဲ့။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“သူ့အကြောင်း မင်းက ဘယ်လောက်သိလို့လဲကွ ငါတို့က တစ်မြို့တည်းသားတွေ သူ့ချည်းပဲ မဟုတ်ဘူး သူ့အမေလည်း အဲဒီလိုင်းပဲ”
သီတာနဲ့ တစ်မြို့တည်းသားဖြစ်တဲ့ ကျော်စိုးက စိတ်ပျက်တဲ့ လေသံနဲ့ ပြောပြီး ကြမ်းပြင်ပေါ် လှဲအိပ်လိုက်ကာ မျက်နှာကျက်ကိုသာ ကြည့်နေတော့တယ်။ ရန်နိုင်ထွန်းက ကိုယ့်ကို နားချလည်း ထူးမှာ မဟုတ်ဘူးဆိုတဲ့ စတိုင်နဲ့ ကိုယ့်စားပွဲပေါ်က ၀တ္ထုကို သည်းကြီးမည်းကြီး ဖတ်နေလိုက်တာများ အမြင်ကတ်စရာ။
ကိုယ်ကလည်း ဒီသတင်းကို ဘယ်လိုမှ မယုံနိုင်။ သီတာ့ စိတ်ထားကို ကိုယ် လုံးဝ နားလည်တယ်။ ခန္ဓာကိုယ်ကို ရင်းနှီးစားသောက်တဲ့အထိ မိုက်မယ့်သူ မဟုတ်။ ဒါပေမယ့် ကြားရတာတွေကို ပြန်လည် ချေပဖို့လည်း မတတ်သာခဲ့။ ဒီနေ့လည်း အိမ်မှာ စာစုလုပ်မယ်ဆိုပြီး ကျော်စိုးကော ရန်နိုင်ထွန်းပါ မနက်ကတည်းက အိမ်ကို ရောက်လာတာ။ ရောက်ကတည်းက ဒီအကြောင်းကို ဆွေးနွေးနေတာ အခုထိ မပြီးသေး။ မေမေကတောင် ထမင်းစားဖို့ လာခေါ်တာ ၃ ခါ ရှိပြီ။
“ဟေ့ကောင် ထကွာ ထမင်းစားရအောင် ရန်နိုင် မင်းလည်း ထတော့ ”
ခေါင်းထဲမှာ ၀င်နေတဲ့ သီတာ့အကြောင်းကို ခဏဖြစ်ဖြစ် မေ့ပစ်နိုင်အောင် ကြိုးစားရင်း ထမင်းစားခန်းထဲကို ဦးဆောင်ပြီး ၀င်ခဲ့လိုက်တယ်။
ထမင်းစားခန်းထဲရောက်တော့ အိမ်မှာ ခေါ်ထားတဲ့ အကူကောင်မလေးက ပြတင်းပေါက်ကနေ ဟိုဘက်အိမ်ကို ကြည့်နေတာကို မြင်တော့ ကျော်စိုးက ကောင်မလေး နောက်ကနေ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကိုယ့်ကို
“ ဒီမှာ လာကြည့်ပါဦး ကျော်ဇင် မင်းကောင်မလေး ဘယ်လို ဖြစ်နေသလဲဆိုတာ”
မေ့ဖို့ ကြိုးစားကာမှ ကျော်စိုးရာ-------
ဒါပေမယ့်လည်း အဖြေမှန်ကို တွက်ချက်နိုင်ဖို့ ပေးချက် မေးချက်တွေ ပြည့်စုံအောင် ရှာရမယ် မဟုတ်လား သီတာ။ ကိုယ်လှမ်းကြည့်လိုက်မိပါတယ်။
ဟိုဘက်ခြံထဲမှာ အသက် ၄၀ ၀န်းကျင် လူကြီးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေတဲ့ သီတာ။ ဟိုလူကြီးက စားပွဲပေါ်က အထုပ်သေးသေးလေး တစ်ထုပ်ကို သီတာဘက်ကို ထိုးပေးတော့ သီတာက ပြုံးရင်း အသာတကြည် လှမ်းယူလို့ပါလား။
ကိုယ်မျက်နှာလွှဲပြီး ထမင်းစားပွဲမှာ ပြန်ထိုင်တော့ ကျော်စိုးနဲ့ ရန်နိုင်ထွန်းတို့လည်း ၀င်ထိုင်ပြီး ကိုယ့်ကို သနားစရာ သတ္တ၀ါလို ကြည့်နေပါပေါ့လား။
Thursday, July 23, 2009
တွေ့နေရတဲ့ ခေါင်းဆောင်များ(၁)
ခေါင်းဆောင်တစ်ယောက်က လုပ်ငန်းကိစ္စတွေကို စီစဉ် ဆုံးဖြတ်တဲ့အခါ အတတ်နိုင်ဆုံး လက်အောက် ငယ်သားတွေကို အသိမပေးပါဘူး။ လျှို့ဝှက်ရတာကို နှစ်သက်သူပါ။ ၀န်ထမ်းတွေက သူခိုင်းတာသာ လုပ်ရပြီး ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာ သိပ်ပြီးရှင်းပြလေ့ မရှိပါဘူး။ သိချင်လို့ မေးရင်တော့ ဆယ်ခါ တစ်ခါ ဆိုသလို ကိုယ်သိချင်တဲ့အကြောင်းအရာရဲ့ သုံးချိုးတစ်ချိုးလောက် ပြောပြပါတယ်။ ဒီအချက်တွေက Authoritarian နဲ့ အကျုံးဝင်တယ်လို့ ဆိုနိုင်ပါတယ်။
အလုပ်ကိုလည်း အထက်လူကြီးက ချမှတ်ပေးတဲ့ ပုံစံအတိုင်းပဲ လုပ်ပါတယ်။ ပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားပါဘူး။ အထက်က ညွှန်ကြားလာရင်လည်း လုပ်နိုင်တယ် မလုပ်နိုင်ဘူး လုပ်ဖို့ အဆင်ပြေတယ် မပြေဘူးဆိုတာကို ဘယ်တော့မှ ပြန်လည် ပြောဆိုလေ့ မရှိပါဘူး။ ညွှန်ကြားတာကို အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားလုပ်ဆောင်ပေးတတ်သူပါ။ ဒီအပိုင်းမှာတော့ သူဟာ Bureaucratic လို့ ဆိုရမှာပေါ့နော်။
ဒါပေမယ့် သူက ၀န်ထမ်းတွေကို ချုပ်ချယ်တာလည်း မရှိသလို ကောင်းအောင် ညွှန်ပြဖို့ ၊ ကူညီဖို့လည်း စိတ်မ၀င်စားပါဘူး။ သူကိုယ်တိုင်လည်း နေသာသလို နေပြီး အလုပ်နဲ့ ၀န်ထမ်းတွေရဲ့ ကြားက ပြဿနာ၊ ၀န်ထမ်းအချင်းချင်းရဲ့ ပူးပေါင်းလုပ်ကိုင်မှု အနေအထားကို စူးစမ်းလေ့ မရှိပါဘူး။ ဒါတွေက Laissez-Faire ခေါင်းဆောင်တွေမှာ ရှိတတ်တဲ့ အချက်တွေပါ။
နားမလည်နိုင်တာ တစ်ခုက သူ့ကိုယ်သူ Democratic လို့ ခံယူထားတာကိုပါပဲ။
နောက်အပိုင်းတွေမှာ တခြားခေါင်းဆောင်တွေ အကြောင်း ဆက်ပါမယ်။
Wednesday, July 22, 2009
စံပြုအပ်သူများ(၂)
သက္ကရာဇ် ၁၁၁၂ ခု၊ တပေါင်းလပြည့်ကျော် (၂) ရက်မှာ ဖွားမြင်ခဲ့ပါတယ်။ ဘိုးတော်ဘုရားရဲ့ ကျွန်ယုံအမတ်ကြီး ဖြစ်ပါတယ်။ လျှောက်ထုံးနဲ့ လူသိများပြီး ၁၂ ရာသီဘွဲ့ တေးထပ်တွေကိုလည်း ရေးသားခဲ့ပါတယ်။ သက္ကရာဇ် ၁၂၀၀ မှာ ကွယ်လွန်ပါတယ်။
လယ်တီဆရာတော် (ကုန်းဘောင်ခေတ်)
သက္ကရာဇ် ၁၂၀၈ ခုနှစ်မှာ ရွှေဘိုစီရင်စု၊ ဒီပဲယင်းမြို့နယ် ၊ စိုင်ပြင်ရွာမှာ ဖွားမြင်ပါတယ်။ ပရမတ္တ ဒီပနီကျမ်းအပါအ၀င် ဘာသာရေးဆိုင်ရာ အဖွင့်ဒီပနီကျမ်းတွေကို ရေးသားခဲ့ပါတယ်။ ဂမ္ဘီရကဗျာကျမ်း ကိုလည်း ရေးသားခဲ့ပြီး ၁၂၈၂ ခု ၀ါဆိုလမှာ ပျံလွန်တော်မူပါတယ်။
ဖိုးဝဇီရ (ကုန်းဘောင်ခေတ်)
၁၂၁၀ ခု ၊ တန်ခူးလပြည့်ကျော် ၄ ရက်မှာ အမရပူရမြို့ သရက်သုံးပင်အရပ်မှာ ဖွားမြင်ခဲ့ပါတယ်။ ငယ်မည်ကတော့ မောင်လွင်ဖြစ်ပါတယ်။ ၁၂၃၆ ခုနှစ်မှာ စတင်ထုတ်ဝေတဲ့ “ရတနာပုံနေပြည်တော်” သတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် အမှုထမ်းခဲ့သူပါ။ ဆောင်းပါးများ၊ မှတ်တမ်းများနဲ့ ကဗျာတွေကိုလည်း ရေးသားခဲ့ပါတယ်။
ဂျိမ်းစ်လှကျော်( ကိုလိုနီခေတ်)
သက္ကရာဇ် ၁၂၂၈ ပထမ၀ါဆိုလဆန်း ၁၀ ရက်နေ့မှာ ရွှေကျင်မြို့မှာ ဖွားမြင်ပါတယ်။ အဖအမည် ဦးစွပ် ၊ အမိအမည် ဒေါ်ဆိုင်းလို့ သိရပါတယ်။ မြန်မာကာလပေါ်ဝတ္ထုကို ပထမဆုံး ရေးသားခဲ့သူပါ။ “မောင်ရင်မောင် မမယ်မ” ၀တ္ထုဟာ လူသိများပြီး “ကိုမြို့အုပ်” ၀တ္ထုနဲ့ “နောက်လင်” ၀တ္ထုတို့ကိုလည်း ရေးသားခဲ့ပါတယ်။
ဦးဖိုးကျား (ကိုလိုနီခေတ်)
အဖ ဦးဖေ၊ အမိ ဒေါ်ဒေါင်းတို့မှ သက္ကရာဇ် ၁၂၅၂ ခုနှစ် တန်းခူးလဆန်း ၄ ရက်နေ့မှာ ဟင်္သာတမြို့နယ် နိဗ္ဗာန်ရွာမှာ မွေးဖွားခဲ့ပါတယ်။ ပုသိမ်ရာဇ၀င်၊ ပေါရာဏအဘိဓါန်၊ မြန်မာရာဇ၀င်၊ မြန်မာ့ဂုဏ်ရည်၊ ကိုယ်တွေ့ဝတ္ထုများ စတဲ့ စာပေတွေကို ရေးသားပြီး ၁၃၀၄ ခုနှစ် တန်ခူးလပြည့်ကျော် ၁၀ ရက်နေ့မှာ ကွယ်လွန်ပါတယ်။
ဦးအုန်းမောင် (ကိုလိုနီခေတ်)
ခေတ်သစ်ရုပ်ရှင်ပညာကို မြန်မာနိုင်ငံမှာ မျိုးစေ့ချပေးခဲ့သူဖြစ်ပါတယ်။ “ဘားမားဖလင်း” ဆိုတဲ့ ကုမ္ပဏီကို တည်ထောင်ပြီး ၁၉၂၀ မှာ စာရေးဆရာ ပီမိုးနင်းရဲ့ “မေတ္တာနဲ့အသူရာ” ဆိုတဲ့ ၀တ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးရိုက်ကူးခဲ့ပါတယ်။
Tuesday, July 21, 2009
လ၀ါခေါင်
ဝါခေါင်လဆန်း ၁ ရက်နေ့မှာ ကရင်ပြည်နယ် ဘားအံမြို့မှာ ကျင်းပတဲ့ လက်ချည်ဖွဲ့ပွဲ
ဝါခေါင်လဆန်း ၁ ရက်နေ့မှာ မန္တလေးတိုင်း မင်းကွန်းဘက်မှာ ကျင်းပတဲ့ ရွှေကျွန်းပင် နတ်ပွဲ
ဝါခေါင်လဆန်း ၁၀ ရက်နေ့မှာ ကျင်းပတဲ့ မန္တလေးတိုင်း တောင်ပြုန်းဘက်မှာ ကျင်းပတဲ့ တောင်ပြုန်းနတ်ပွဲ
ဝါခေါင်လဆုတ် ၁၀ ရက်နေ့မှာ မန္တလေးတိုင်း အမရပူရဘက်မှာ ကျင်းပတဲ့ ရတနာ့ဂူနတ်ပွဲ
တို့ဟာ ထင်ရှားပါတယ်။
Monday, July 20, 2009
ဓလေ့ထုံးတမ်းကျင့်ဝတ်များ
လာအိုနိုင်ငံ
၁။ သံဃာတော်တွေဟာ အကြည်ညိုအခံရဆုံးဖြစ်ပါတယ်။ သံဃာတော်ထက် မြင့်တဲ့နေရာမှာ ဘယ်တော့မှ မထိုင်ရပါဘူး။
၂။ ဘယ်သူ့ကိုမှ ကျော်လွှားမသွားရပါဘူး။
၃။ ခေါင်းကို ကိုင်တာ မကြိုက်ကြပါဘူး။
၎။ အိမ်၊ ဘုန်းတော်ကြီးကျောင်းနဲ့ တချို့သော စားသောက်ဆိုင်၊ ဈေးဆိုင်တွေကို ၀င်မယ်ဆိုရင် ဖိနပ်ချွတ်ရပါတယ်။
ထိုင်းနိုင်ငံ
၁။ ထပ်တစ်ရာပန်းနဲ့ ဇော်မွှားပန်းကို ဘယ်တော့မှ လက်ဆောင် မပေးပါနဲ့ ။
၂။ လက်ဆောင်ပစ္စည်းတွေကို ထုပ်ပိုးတဲ့အခါ အစိမ်းရောင်၊ အမည်းရောင်နဲ့ အပြာရောင် စက္ကူတို့နဲ့ ထုပ်ပိုးခြင်း မပြုပါနဲ့။
၃။ ရွှေရောင်နဲ့ အ၀ါရောင်ဟာ ထိုင်းလူမျိုးတွေအတွက် တော်ဝင်အရောင်ဖြစ်ပါတယ်။
၎။ ထိုင်း -တရုတ် လူမျိုးတစ်ယောက်ကို လက်ဆောင်ပေးမယ်ဆိုရင်တော့ အနီရောင်စက္ကူကိုသာ သုံးပါ။
တရုတ်
၁။ လက်ဟန်ခြေဟန်တွေကို မသုံးပါနဲ့။ ဒီအပြုအမူဟာ အိမ်ရှင်ကို စိတ်သောက ရောက်စေတယ်လို့ တရုတ်တွေက ယုံကြည်ကြပါတယ်။
၂။ အစာစားနေစဉ် လုပ်ငန်းကိစ္စ မပြောမိပါစေနဲ့။
၃။ ပန်းကန်လုံးပေါ်မှာ တူကို ကန့်လန့် တင်မထားမိပါစေနဲ့။ ပန်းကန်လုံးထဲမှာပဲ ထားပါ။
၎။ တစ်စုံတစ်ရာကို ညွှန်ပြဖို့အတွက် လက်ညှိုးကို မသုံးပါနဲ့။ လိုအပ်ရင် လက်ဝါးကို အသုံးပြုပါ။
တရုတ်လူမျိုးတွေကို လက်ဆောင်ပေးတဲ့အခါ အောက်ပါအရောင်တွေ၊ ပစ္စည်းတွေကို ရှောင်ပါ။
အဖြူရောင် ၊ အပြာရောင် ၊ အမည်းရောင်
တိုင်ကပ်နာရီ၊ စားပွဲတင်နာရီ
ကောက်ရိုးဖိနပ်
ချည်ခင်စွပ်ငှက် သို့မဟုတ် ကြိုးကြာငှက်
လက်ကိုင်ပ၀ါ
ဖိလစ်ပိုင်
လက်တစ်ချောင်းတည်းနဲ့ လူကိုခေါ်ရင် အဖမ်းခံရနိုင်ပါတယ်။
ဂျော်ဒန်
အိမ်တစ်အိမ်ကို အလည်ရောက်လို့ ကိုယ်က အဲဒီအိမ်က ပရိဘောဂပစ္စည်းတစ်ခုခုကို ချီးကျူး မိတယ်ဆိုပါတော့။ သူတို့က ကိုယ်ချီးမွမ်းလိုက်တဲ့ ပရိဘောဂပစ္စည်းကို ကိုယ့်ကို ပေးတဲ့အခါ ငြင်းလိုက်ရင် ရိုင်းရာကျပါတယ်။
ကနေဒါ
ဆရာဝန်တစ်ယောက်နဲ့ ချိန်းဆိုထားခဲ့ရင် လူနာဟာ ချိန်းထားတဲ့အချိန်ထက် ၁၀ မိနစ်စောပြီးရောက်ရပါတယ်။ ဆရာဝန်ကတော့ ချိန်းဆိုချိန်ထက် မိနစ် ၃၀ နဲ့ မိနစ် ၅၀ ခန့်အထိ နောက်ကျတတ်ပါတယ်။
ပါတီပွဲတစ်ခုကို တက်ရောက်မယ်ဆိုရင် ကျင်းပမယ့်အချိန်ထက် ၁၀ မိနစ်ထက် စောပြီး မသွားရသလို မိနစ် ၃၀ ထက် နောက်ကျပြီးလည်း မရောက်ရပါဘူး။
လက်လှမ်းမီသလောက် မျှဝေထားပါတယ်။ တချို့ အကြောင်းအရာတွေကတော့ စာလေးမှာ စိုးတာကြောင့် မဖော်ပြဘဲ ချန်ထားခဲ့ရပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း ကျင့်ဝတ်တွေကိုလည်း ဖော်ပြသွားဖို့ ရှိပါတယ်။
Sunday, July 19, 2009
စံပြုအပ်သူများ(၁)
ပထမဦးဆုံး အင်္ဂလိပ်-မြန်မာ အဘိဓါန်ကို ပြုစုရေးသားခဲ့သူဖြစ်ပါတယ်။ ခရစ်နှစ် ၁၈၃၃ မှာ အဘိဓါန်ပြုစုရေး လုပ်ငန်းကို စတင်ပြီး ၁၈၄၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ အဘိဓါန်ကို ပုံနှိပ်နိုင်ခဲ့ပါတယ်။
ယောမင်းကြီး ဦးဖိုးလှိုင်
မြန်မာပြည်မှာ သိပ္ပံစာပေကို ပထမဆုံး ရေးသားခဲ့သူ ဖြစ်ပါတယ်။ မြန်မာစာပေလောကမှာ ထင်ရှားလာမယ့် ၀ိဇ္ဇာ၊ သိပ္ပံ ပညာဆိုင်ရာ ကျမ်းပေါင်း ၁၄ ကျမ်းမျှ ရေးသားပြုစုခဲ့ပါတယ်။ ဦးဖိုးလှိုင် ရေးသားခဲ့တဲ့ ဥတုဘောဇန သင်္ဂဟကျမ်း ဟာ ပထမဆုံး သိပ္ပံစာပေ အဖြစ် ထင်ရှားပါတယ်။
ဒေါက်တာ ရှောလူး
မြန်မာနိုင်ငံသားများထဲမှ အနောက်တိုင်း ဆေးပညာကို အစပြုခဲ့သူပါ။ အနောက်နိုင်ငံတွေမှာ သိပ္ပံဘာသာရပ်များနဲ့ ဆေးပညာများကို ဆည်းပူးတတ်မြောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး ကုသပေးခဲ့တဲ့ လက်ဦးဆရာဝန်ဖြစ်ပါတယ်။
ဒေါ်ဦးဇွန်း
လူအိုများအား စောင့်ရှောက်ရေးလုပ်ငန်းကို မြန်မာနိုင်ငံမှာ ပထမဆုံး မျိုးစေ့ချပေးခဲ့တဲ့ လူမှုဝန်ထမ်း အမျိုးသမီးဖြစ်ပါတယ်။ မင်းကွန်းလူအိုရုံကို စတင်တည်ထောင်သူလည်း ဖြစ်ပါတယ်။
စံပြုအပ်သူတွေ အများကြီး ရှိပါသေးတယ်။ ဖြည်းဖြည်းချင်း ဖော်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ ရေးသားတဲ့ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရင် ထောက်ပြဖို့ တောင်းဆိုပါတယ်။
တက္ကသီလာ
Saturday, July 18, 2009
ကွန်မြူနစ်စနစ်
သာတူညီမျှမှုကို ဖော်ဆောင်ဖို့ ဘုံ ပိုင်ဆိုင်မှုစနစ်ကို လိုလားသူတွေက စတင် ဖော်ထုတ်ခဲ့ကြတာပါ။ သူတို့က လူတန်းစားဆိုတာမရှိဘူး၊ အစိုးရဆိုတာ မလိုအပ်ဘူး၊ လူသားအားလုံး တန်းတူ အခွင့်အရေး ရှိသင့်တယ်၊ အညီအမျှ ပိုင်ဆိုင်သင့်တယ်လို့ ယုံကြည်သူတွေပါ။
ဥပမာ- စက်ရုံတစ်ရုံမှာ ပိုင်ရှင်၊ အလုပ်သမား စသည်ဖြင့် မခွဲခြားသင့်ဘူး၊ ဒီစက်ရုံမှာ အလုပ်လုပ်သူတိုင်း စက်ရုံအတွက် ညီတူညီမျှ အလုပ်လုပ်ကြမယ်၊ ရလာတဲ့ အကျိုးအမြတ်ကိုလည်း အတူတူ ခွဲဝေခံစားမယ်ဆိုတဲ့ အတွေးအခေါ်မျိုးပါ။
အလားတူပဲ ပြည်သူအားလုံး တိုင်းပြည်အတွက် အတူတကွ အလုပ်လုပ်ကြမယ်၊ ပြီးတော့ တိုင်းပြည်အတွက် လူတိုင်းမှာ ဆုံးဖြတ်နိုင်ခွင့် ရှိတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် တကယ့်နိုင်ငံရေးသိပ္ပံမှာတော့ ကွန်မြူနစ်စနစ်ဆိုတာ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်တဲ့ ကွန်မြူနစ် နိုင်ငံတွေကို ခေါ်ဆိုပါတယ်။
တိုင်းပြည်အလိုက် ၊ လူမျိုးအလိုက် အုပ်ချုပ်ပုံမတူညီတာကြောင့် ကွန်မြူနစ်စနစ်လည်း အမျိုးမျိုး ကွဲပြားသွားပါတယ်။
လေ့လာမိသလောက်တော့
Left communism
Council communism
Anarchist communism
Religious communism
Christian communism
Eurocommunism
World communism
Stateless communism
ဆိုပြီး ကွဲသွားတာကို တွေ့ရပါတယ်။
ဘယ်အရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေပါတယ်။ နိုင်ငံရေးစနစ်တွေမှာလည်း ပြည့်စုံကောင်းမွန်တဲ့ စနစ်ဆိုတာ မရှိပါဘူး။ ကောင်းကျိုးများပြီး ဆိုးကျိုးနည်းတဲ့ နိုင်ငံရေးစနစ်ကို ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်အဖြစ် လူအများက လက်ခံထားကြပါတယ်။
နာတော်မူဘုရား ပန်လျှောက်ကြား
အကာအကွယ်ရဖို့ ဆုတောင်းသောသူအဖြစ်ထက်
ဘေးအန္တရာယ်တို့ကို ရင်ဆိုင်ရာတွင်
မကြောက်မရွံ့သည့်စိတ်ကိုသာ ပေးသနားတော်မူပါ။
ဝေဒနာတို့၏ နာကျင်ခြင်းမှ
သက်သာရာရစေဖို့ တောင်းခံသောသူအဖြစ်ထက်
ထိုဝေဒနာတို့ကို ကျော်လွန်အောင်နိုင်သည့်
နှလုံးသားကိုသာ ပေးသနားတော်မူပါ။
ဘ၀တိုက်ပွဲများတွင်
ကိုးကွယ်အားထားရာ ရှာဖွေသောသူအဖြစ်ထက်
ကိုယ့်ခွန်ကိုယ့်အားကိုသာ
အားပြုသည့်သူအဖြစ်ကို ပေးသနားတော်မူပါ။
စိုးရိမ်ကြောက်ရွံ့ဖွယ်တို့မှ
ကင်းလွတ်စေရန် တောင်းပန်အသနားခံသောသူအဖြစ်ထက်
ထိုစိုးရိမ်ကြောက်ရွံ့ဖွယ်တို့မှ လွတ်မြောက်မှုအတွက်
ခံနိုင်စွမ်းရှိမှုကိုသာ ပေးသနားတော်မူပါ။
သတ္တိနည်း၍ သူရဲဘောကြောင်သောသူအဖြစ်မှ လွတ်ကင်းခွင့်ပေး၍
ကျွန်ုပ်၏ အောင်မြင်ခြင်းတို့တွင် အရှင်၏ ကရုဏာအစုံကို ခံစားရ၍
ကျွန်ုပ်၏ လိုအပ်ချွတ်ယွင်း မအောင်မြင်မှုတို့တွင်မူ
အရှင်၏ လက်အစုံကို မှီခိုဆွဲကိုင်ခွင့် ပေးသနားတော်မူပါ။
ရာဘင်ဒြာနတ်တဂိုး
မောင်မျိုးညွန့် ဘာသာပြန်ဆိုသည်။
(တဂိုး စာနုယဉ်မှ)
Monday, July 13, 2009
ခေါင်းဆောင်မှုပုံစံ (၇) မျိုး
ဒီခေါင်းဆောင်မျိုးက လူထုကို ဘာတွေလုပ်ပါ၊ ဘယ်လိုလုပ်ပါလို့ အမိန့်ပေးတတ်ပါတယ်။ ဆုံးဖြတ်စရာ ကိစ္စတွေကိုလည်း သူတစ်ဦးတည်း သဘောနဲ့ပဲ ဆုံးဖြတ်ပါတယ်။ လူထုက သူပြောတာ၊ သူဆုံးဖြတ်တာတွေကို လိုက်နာဆောင်ရွက်ရပါတယ်။ ဒီခေါင်းဆောင်မျိုးက သူ့လက်အောက် ၀န်ထမ်းတွေကိုလည်း မယုံကြည်ပါဘူး။ ပြီးတော့ တခြားသူတွေရဲ့ အယူအဆ သဘောထားတွေကို လည်း ဘယ်တော့မှ မေးလေ့ မရှိပါဘူး။
ကောင်းကျိုး---- အရေးပေါ်ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် ချမှတ်နိုင်ပါတယ်။
ဆိုးကျိုး------- ပြည်သူတွေမှာ မိမိတို့အတွက် မိမိတို့ဘာသာ တွေးခေါ်စဉ်းစားခွင့်၊ လေ့လာ ဆည်းပူး သင်ယူခွင့် ဆုံးရှုံးရပါတယ်။
၂။ Bureaucratic
ဒီခေါင်းဆောင်ကတော့ တစ်စုံတစ်ယောက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မူဝါဒတွေ အတိုင်းပဲ လုပ်ပါတယ်။ အကြောင်းကိစ္စ တစ်ခုအတွက် အဆင်သင့်ရေးဆွဲချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိမနေဘူးဆိုရင် သူတို့ရဲ့ အထက်ကလူ ဒါမှမဟုတ် သူတို့ထက် အရင် အုပ်ချုပ်သွားသူ ကို မေးမြန်းလေ့ ရှိပါတယ်။ ဒီခေါင်းဆောင်မျိုးက ရဲအရာရှိနဲ့ ပိုပြီး တူပါတယ်။ သူတို့က တခြားသူတွေကိုလည်း ချမှတ်ပြီးသား စည်းကမ်းကို တိတိကျကျ လိုက်နာအောင် ပြုမူလေ့ ရှိပါတယ်။
ကောင်းကျိုး----- ဒီလို ခေါင်းဆောင်မှုမျိုးကတော့ အန္တရာယ်ကင်းစွာ အလုပ်လုပ်လိုသူတွေအတွက်
ကောင်းပါတယ်တဲ့။
ဆိုးကျိုး--------- အသစ်အဆန်းတွေ တီထွင်ဖို့ ၊ ဖန်တီးပြုပြင်ဖို့ ခဲယဉ်းပါတယ်။ အရာရာဟာ ပြောင်းလဲဖို့ အချိန်အများကြီး ယူရပါတယ်။
၃။ Democratic
ဒီခေါင်းဆောင်က ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အားလုံးပါဝင် စဉ်းစား ဆုံးဖြတ်ခွင့်ကို ပေးပါတယ်။ လက်အောက်ငယ်သားတွေကို မိမိတို့ အဖွဲ့အစည်းရဲ့ အချက်အလက်တွေကို သိစေပါတယ်။ ပြီးတော့ ငယ်သားတွေ သိချင်တာ တတ်ချင်တာတွေရှိရင်လည်း သူ(ခေါင်းဆောင်) တတ်နိုင်သလောက် ကူညီပါတယ်။ လက်အောက်ငယ်သားတွေဟာ သူတို့ရဲ့ အောင်မြင်မှု ပန်းတိုင်ကို မိမိတို့ဘာသာ ဖန်တီးနိုင်တာကြောင့် အလုပ်ကို ပိုပြီး တန်ဖိုးထားတတ်လာပါတယ်။
ကောင်းကျိုး----- လက်အောက်ငယ်သားတွေဟာ ပျော်ရွှင်ပြီး စိတ်အားတက်လာပါတယ်။ အလုပ်ကို ကောင်းသည်ထက်ကောင်းအောင် စဉ်းစားတွေးခေါ် လုပ်ကိုင်လာတတ်ပါတယ်။
ဆိုးကျိုး-------- လူတိုင်းလူတိုင်း ပါဝင်ဆွေးနွေးတဲ့အတွက် ဆုံးဖြတ်ချက်တစ်ခု ရဖို့ အချိန်ပေးရပါတယ်။ ခေါင်းဆောင်အတော်များများကတော့ ဒီပုံစံနဲ့ ပတ်သတ်ပြီး ကသိကအောက် ဖြစ်ရပါတယ်။ ဒီခေါင်းဆောင်မှုပုံစံနဲ့ အောင်မြင်မှုရဖို့ ခက်ခဲတတ်ပါတယ်။
၎။ Laissez-Faire
ဒီလိုခေါင်းဆောင်ကိုတော့ hands-off လို့လည်း ခေါ်ပါတယ်။ လက်အောက်ငယ်သားတွေကို ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်စေပါတယ်၊ ကိုယ့်အောင်မြင်မှုကို ကိုယ်ဖန်တီးစ်ေပါတယ်၊ ပြဿနာတစ်စုံ တစ်ရာဖြစ်လာရင်လည်း ငယ်သားတွေကပဲ ဖြေရှင်းရပါတယ်။
ကောင်းကျိုး----လုပ်ငန်းကို မိမိဘာသာ တိုးတက်ကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။ လုပ်ငန်းကျွမ်းကျင်မှုလည်း ပိုမိုရရှိနိုင်ပါတယ်။
ဆိုးကျိုး------ပြဿနာဖြစ်လာရင် ဖြေရှင်းဖို့ ခက်ပါတယ်။ ပြဿနာလည်း ပိုပြီး ကြီးထွားလာ နိုင်ပါတယ်။
၅။ Charismatic
ဒီခေါင်းဆောင်က အလွန်ချစ်ခင်နှစ်လိုဖွယ်ကောင်းပြီး စကားပြောကောင်းသူ တစ်ယောက်ပါ။ လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ လူတွေက သူတို့ရဲ့ နှုတ်ထွက်စကား၊ အမူအရာတွေကို ကြည့်ပြီး သင်ယူလေ့လာပါတယ်။ အတုယူလိုက်နာပါတယ်။
ကောင်းကျိုး----လက်အောက်ငယ်သားတွေကို စိတ်အားတက်လာအောင် တိုက်တွန်းနိုင်စွမ်း ရှိပါတယ်။
ဆိုးကျိုး----ငယ်သားတွေက ခေါင်းဆောင်ကို မှီခိုအားထား ယုံကြည်လွန်းတာကြောင့် ခေါင်းဆောင် နှုတ်ထွက်သွားချိန်မှာ လုပ်ငန်းစွမ်းရည်တွေ ကျဆင်းသွားနိုင်ပါတယ်။
၆။ People-oriented
ဒီခေါင်းဆောင်မျိုးက လုပ်ငန်းထဲမှာရှိတဲ့ လက်အောက်ငယ်သားတွေကိုပဲ အဓိကထား အာရုံစိုက်ပါတယ်။ ၀န်ထမ်းတွေ တိုးတက်အောင် ၊ မိမိအောင်မြင်မှုကို မိမိကိုယ်တိုင် ဖန်တီး ရရှိနိုင်အောင် တစ်ဖက်တစ်လမ်းက ကူညီပါတယ်။
ကောင်းကျိုး-------- ကောင်းမွန်တဲ့ အသင်းအဖွဲ့ ၀န်းကျင်တစ်ခုကို တည်ထောင်နိုင်ပါတယ်။ ၀န်ထမ်းတွေ ကိုယ်တိုင်ကလည်း ခေါင်းဆောင်ဟာ သူတို့ လိုအပ်တာကို ပံ့ပိုး ကူညီတယ်၊ သူတို့ကို အသိအမှတ်ပြုတယ်လို့ ခံစားရပါတယ်။
ဆိုးကျိုး------------ ကြာလာရင် အဖွဲ့အစည်းရဲ့ အောင်မြင်မှုဆိုတာကို မေ့သွားနိုင်ပါတယ်။
၇။ Task-oriented
ဒီခေါင်းဆောင်ကတော့ အလုပ်ပြီးဖို့၊လုပ်ငန်းကောင်းမွန်ဖို့ကိုပဲ အလေးပေး ဆောင်ရွက်ပါတယ်။ ဒီခေါင်းဆောင်က လုပ်ငန်းအတွက် သူကိုယ်တိုင် အစီအစဉ်တွေ ချမှတ်ပါတယ်၊ ၀န်ထမ်းတွေကို စည်းရုံးပါတယ်၊ ပြီးတော့ ၀န်ထမ်းတွေအတွက် ဘယ်အချိန်မှာ ဘာကို အပြီးလုပ်ဆိုတဲ့ တာဝန်တွေ ပေးတတ်ပါတယ်။
ကောင်းကျိုး------------- အလုပ်ပြီးမြောက်အောင်မြင်ပါတယ်။ အလုပ်တွေအားလုံး သေသေသပ်သပ်နဲ့ အစီအစဉ်တကျဖြစ်တတ်ပါတယ်။
ဆိုးကျိုး------------------ ၀န်ထမ်းတွေက ခေါင်းဆောင်ဟာ သူတို့ကို အသိအမှတ် မပြုဘူး၊ အထောက်အပံ့ မပေးဘူးလို့ ခံစားရပါတယ်။
Saturday, July 11, 2009
မိမာယာ
မင်း ကိုယ့်ကို လှည့်စားတယ်ပေါ့
မင်းရဲ့ မျက်ရည်တွေကို ဖုံးကွယ်ဖို့
ရယ်မောသံလေးတွေနဲ့ ကိုယ့်မျက်လုံးကို ကန်းစေတယ်
မင်းရဲ့ အတတ်ပညာကို ကိုယ်သိပါတယ်
မင်းပြောရမယ့်စကားကို မင်း ဘယ်တော့မှ မပြောဘူး။
မင်းကို တန်ဖိုးမထားမှာစိုးလို့
နည်းပေါင်းရာထောင်နဲ့ မင်း ကိုယ့်ကိုရှောင်တယ်
မင်းကို လူတွေကြားထဲမှာ ရောသွားမှာစိုးလို့
မင်း ဘေးမှာ ထွက်ရပ်နေတယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းလျှောက်ရမယ့်လမ်းကို
မင်း ဘယ်တော့မှ မလျှောက်ဘူး။
မင်းရဲ့တောင်းဆိုမှုတွေဟာ တခြားသူတွေထက် ပိုတယ်
ဒါကြောင့် မင်းက တိတ်ဆိတ်နေတယ်
ပရိယာယ်ကြွယ်ဝတဲ့ ဥပေက္ခာပြုဟန်လေးတွေနဲ့
ကိုယ့်လက်ဆောင်တွေကို ငြင်းပယ်တယ်
မင်းရဲ့အတတ်ပညာကို ကိုယ်သိပါတယ်
မင်းရယူရမယ့်အရာကို
မင်းဘယ်တော့မှ ယူမှာ မဟုတ်ပါဘူး။
ရာဘင်ဒြာနတ်တဂိုး
မိုးမိုး(အင်းလျား) ဘာသာပြန်ဆိုသည်။
Sunday, July 5, 2009
ဆရာတော် ဦးဇောတိကရဲ့ စကားတွေကို မျှဝေပေးလိုက်ပါတယ်။
You will receive a body. You may like it or hate it but it will be yours for the entire period of this time around.
You will learn lessons. You are enrolled in a full time informal school called called life. Each day in this school you will have the opportunity to learn lessons. You may like the lessons or think them irrelevant or stupid.
There are no mistakes, only lessons. Growth is a process of trial and error, experimentation. The failed experiments are such as a part of the process as the experiments of that ultimately works.
A lesson is repeated until learned. A lesson will be presented to you in various forms until you have learned it. Whem you have learned it you can then go on to the next lessons.
Learning lessons doesn’t end.There is no part of life that does not contain its lessons. If you are alive there are lessons to be learned .
Others are merely mirrors of you. You can not love or hate something about another person unless it reflects to you something you love or hate it yourself.
What you make to your life is up to you. You have all the tools and resources you need, what you need, what you do with them is up to you. The choice is yours.
Your answers life inside you. The answers to your life’s questions lie inside you. All you need to do is look, listen and trust.