Friday, July 31, 2009

မျှဝေတတ်တဲ့သူ

တခါတလေ ကိုယ်သတိမပြုမိတဲ့ အပြုအမူတစ်ခုဟာ အခြားသူတွေကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ အလားတူပဲ ကိုယ့်အတွက် မထူးခြားတဲ့ အပြုအမူတစ်ခုဟာ သူတစ်ပါးအဖို့ အတုယူစရာ အားကျစရာ ဖြစ်နေတတ်ပါတယ်။

တခါတုန်းက ကိုယ်တို့ရဲ့ ဆရာမတစ်ယောက်က ကိုယ်တို့ကို မေးတယ်။ ဆရာမက အနောက်တိုင်းသူပါ။ မင်းတို့လူမျိုးတွေရဲ့ အကျင့်စရိုက်တွေထဲမှာ မင်းတို့ဘာကို ကြိုက်သလဲတဲ့။ အဲဒီတော့ ကိုယ်တို့တွေကလည်း တစ်ယောက် တစ်မျိုး ကိုယ်ကြိုက်တာ ကိုယ်ဖြေကြလေသတည်း ပေါ့လေ။ ကိုယ်ကတော့ ကိုယ်တို့ လူမျိုးတွေရဲ့ အခေါ်အဝေါ်တွေမှာ Family Terms သုံးတာကို ကြိုက်တယ်လို့ ဖြေလိုက်ပါတယ်။ ဟုတ်တယ် အဲဒီအလေ့အကျင့်လေးကို ကိုယ်တကယ် သဘောကျတယ်။ အစ်ကို အရွယ်ဆို အစ်ကို ၊ အစ်မအရွယ်ဆို အစ်မ စသဖြင့် ခေါ်ဝေါ်သုံးစွဲတာကို အရမ်းတန်ဖိုးထားမိတယ်။

အားလုံး တစ်ယောက် တစ်ပေါက် ဖြေပြီးတဲ့အချိန်ကျတော့ ဆရာမက ပြောတယ်။ “ငါကတော့ မင်းတို့လူမျိုးတွေဆီက အစားအသောက် မျှဝေတတ်တဲ့ အကျင့်လေးကို ကြိုက်တယ်” တဲ့။ အမှန်အတိုင်းပြောရရင် အဲဒီကိစ္စကို ကိုယ်တကယ် မစဉ်းစားမိဘူး။ ကိုယ်တို့ ငယ်ငယ်လေးကတည်းက တွေ့နေကျ အပြုအမူပဲဆိုတော့ ဒါကို တန်ဖိုးထားစရာ အလေ့အထအဖြစ် ကိုယ်မတွေးမိဘူးဆိုတာ ၀န်ခံပါတယ်။

ကိုယ့်လိုပဲ ကိုယ့်သူငယ်ချင်းတွေလည်း မတွေးမိဘူး ထင်ပါရဲ့။ သူတို့လည်း ဆရာမကို ကြောင်ပြီး ကြည့်နေကြတယ်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒါဟာ တကယ် ချစ်စရာ တန်ဖိုးထားစရာ ကောင်းတဲ့ အလေ့အထတစ်ခုပါပဲ။ အခုမှပဲ ကိုယ်လည်း အဲဒီအလေ့အထ ပျောက်သွားမှာ သိပ်စိုးရိမ်နေမိတော့တယ်။

အဲဒီက တဆင့် တက်ပြီး ကိုယ် တွေးမိတာက စားစရာမှ မဟုတ်ဘဲ ဘယ်အရာကိုမဆို မျှဝေ ခံစားကြမယ်ဆိုရင် ဒီထက်ပိုပြီး ချစ်စရာကောင်းတဲ့ အသိုင်းအ၀ိုင်း ဖြစ်လာမှာ အမှန်ပါပဲလို့လေ။ မျှဝေတတ်တဲ့သူကို ပတ်ဝန်းကျင်က ဒီလို လေးစားပြီး အသိအမှတ်ပြုပါလားလို့လည်း ယုံကြည်မိတယ်။

1 comment:

  1. လာလည် သွားပါတယ် ဗျာ။ ဒီစာလေးကို စိတ်နဲ့ တွေ့ လို့ သဘော ကျမိပါတယ်။ ဓလေ့ထုံးစံ တွေထဲမတော့ မြန်မာလူမျိုး မို့ လားရယ် မသိ ကိုယ့်ဓလေ့ ကိုယ့် ထုံးစံ လောက် ချစ်စရာ ကောင်းတာ ဘယ် မှာမှ တွေ့ မယ်မထင်ဘူး မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ဟာ တွေးမိလေ ကျေ နပ် လေ ဂုဏ်ယူလေပါပဲ။ အဲ ...နောက်တစ်ခုက မျှဝေခြင်း ဆို တာ ချွင်းချက်အနည်းငယ်က လွဲရင် အကုန်ကောင်းပါတယ် ဗျာ။ မ နာလို ဝန်တိုခြင်း ကင်းရအောင် ဒီနေ့ ကစ ပြီး မျှဝေတဲ့ အကျင့်လေး ကို ဆ ထက်ထမ်းပိုးတိုးလို့ ကျွန်တော်လည်း ကြိုးစားပါ့မယ်။ မျှဝေ တဲ့ အတွက် ကျေးဇူးတင်ပါရစေဗျာ.......
    (PS. လောကမှာ အမျှဝေနိုင်ဆုံး အာဇာနည်ပုဂ္ဂိုလ်ဟာ ဗုဒ္ဓလို့ ထင်ပါတယ်......... )
    ရန်ကုန်သား

    ReplyDelete