Friday, July 24, 2009

မေးခွန်းအတွက် အဖြေ (၁)

ရိုးရိုးလေး တွေးပြီး ဖြည်းဖြည်းချင်း စဉ်းစားတော့လည်း အဖြေက မထွက်။ အလေးအနက် စဉ်းစားပြီး အသေအချာ သုံးသပ်တော့လည်း သဲလွန်စကို ရှာလို့မရ။ ဒီအကြောင်းကို လှည့်ပတ် စဉ်းစားနေတာနဲ့ကို ဒီနေ့ တစ်နေ့လုံး ဘာမှ ဟုတ်တိပတ်တိ မလုပ်ဖြစ်လိုက်။ ဦးနှောက် စားအောင် လုပ်သွားတဲ့ “နှင်းနှင်းဝေ” ကိုပဲ အပြစ်တင်ရမလား။ အရိပ်ပြလို့မှ အကောင်မမြင်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ နာကျည်းရမလား မတွေးတတ်တော့ပြီ။

မနက်က စောစောစီးစီး နှင်းနှင်းဝေ အဆောင်ကို ရောက်လာခဲ့တယ်။

“ နင်အချိန်ရလား သီတာ”

အခန်းထဲကို ၀င်လာပြီး ထိုင်တောင် မထိုင်ရသေးဘဲ ကိုယ့်ကို အလောတကြီးမေးတော့

“ထိုင်ပါဦး ထိုင်ပြီးမှ ပြောလည်း ရပါတယ် နှင်းရယ် ”

ကိုယ်ပြောမှပဲ ကိုယ်နဲ့ ခုတင်ကပ်ရက်နေတဲ့ ပထမနှစ် ကျောင်းသူလေး “ ပုလဲ” ရဲ့ ခုတင်ပေါ်မှာ ထို်င်လိုက်တယ်။

အဆောင်က ခုတင်တွေကလည်း အိပ်လို့ ဖြစ်ရုံလေး။ ကိုယ့် ခုတင်ကလည်း အခုလို ကိုယ်မီးပူတိုက်နေချိန်ဆို ထိုင်စရာကို မရှိတော့တာ။ ဒီလိုပဲ ကိုယ့်ဧည့်သည် သူ့ဧည့်သည် မခွဲဘဲ ရရာ ခုတင်မှာ ၀င်ထိုင်တတ်တာကလည်း ဒီအဆောင်ရဲ့ ချစ်စရာ အကျင့်တစ်ခုပါပဲ။

ပုလဲက ရေးကြီးသုတ်ပျာ ဖြစ်နေတဲ့ နှင်းနှင်းဝေကို လှည့်ကြည့်ပြီး သူ့ဆံပင်ရှည်ကို ဆက်ဖြီးနေလိုက်ပါတယ်။

အင်း --နှင်းနှင်းဝေဟာ အတော်လေးကို အေးအေးဆေးဆေး နေတတ်တဲ့သူပါ။ သူဒီလို အရင်လိုတာ ပျာယာခတ်တာ တခါမှ မတွေ့ဖူးခဲ့။

မီးပူကို ပြီးအောင် မတိုက်တော့ဘဲ ပလပ်ကို ဖြုတ်ကာ အ၀တ်အစားတွေကို အလျင်အမြန် ခေါက်လိုက်မိပါတယ်။

“ကဲ နင်ပြောစရာရှိတာ အေးအေးဆေးဆေးပြော”

“ဒီမှာ ပြောလို့ မဖြစ်ဘူး သီတာ ဘုရားကို ဖြစ်ဖြစ် ဆိုင်တစ်ဆိုင်ကိုဖြစ်ဖြစ် သွားရအောင်”

“ကဲ ဒါဆိုလည်း သွားကြတာပေါ့”

“နင် အ၀တ်အစား မလဲတော့ဘူးလား”

“မလဲတော့ပါဘူး လာ သွားရအောင်”

နှစ်ယောက်သား အခန်းထဲက ထွက်လာတော့ အဆောင်ရှေ့ ၀ရံတာမှာ ထိုင်နေတဲ့ ပုလဲက
“စောစောပြန်လာနော် မသီတာ ”

တစ်ခုခုကို ပြောချင်နေတဲ့ ပုံပါပဲ။ ဘာဖြစ်လို့ပါလိမ့်။ ပုလဲက အရင်က ကိုယ်အပြင်ကို ဘယ်လောက်ထွက်ထွက် ဘာမှ ပြောဖူး မှာဖူးတာ မဟုတ်။ အင်း ဒီနေ့ကိုက ထူးဆန်းနေတာပါ။

**************************************************************************************

မြစ်ဘက်ကို မျက်နှာမူထားတဲ့ လက်တန်းလေးကို မှီပြီး နှင်းနှင်းဝေ ပြောလာမယ့် စကားတွေကို စောင့်နေမိတယ်။
ဒါပေမယ့် ပြောဖို့ခေါ်လာသူက ပြောရမှာ အတော် ၀န်လေးနေပုံပါပဲ။ ပြီးမှ ကိုယ့်အနားကို လာရပ်ပြီး ဘေးဘီကို လည်း ငဲ့ကြည့်ကာ အသံတိုးတိုးနဲ့

“သီတာ ဒီစကားကို ငါက နင့်ကို ခင်လွန်းလို့ နင့်အကျိုးကို လိုလားလို့ ပြောတာနော်”

“ပြောမှသာ ပြောပါ နှင်း နိဒါန်းချီမနေပါနဲ့”

“နင့်ကို လူတွေက ဟိုဒါ လုပ်စားနေတယ်လို့ ထင်နေကြတယ်”

“ဟင် ငါ့ကို ----”

ကိုယ့်တစ်ကိုယ်လုံး မီးတွင်းထဲ ကျသွားသလိုပါပဲ ။ ပူလိုက်တာ ။ ရှက်လိုက်တာ။ ပြီးတော့ အံ့သြလိုက်တာ ။ ဟိုဒါ လုပ်စားနေတယ် ဆိုတာ ခန္ဓာကိုယ်ကို ရင်းနှီးစားသောက်နေတယ်လို့ ပြောလိုက်တာပဲပေါ့။ ဘာကြောင့်လဲ--။ ဘာကြောင့် လူတွေက ဒီလို ပြောရတာတဲ့လဲ။

အရင်းနှီးဆုံး သူငယ်ချင်း နှင်းရဲ့ မျက်နှာကိုတောင် ကြည့်ဝံ့တဲ့ အင်အား မရှိတော့။ အရှင်ဘုရား ဖြစ်နိုင်မယ်ဆိုရင် တပည့်တော်မကို အခုချက်ချင်း သေသွားအောင် ပြုပေးပါဘုရား။

“သီတာ ငါ နင့်ကို ခင်လို့ ပြောတာနော် ငါ နင့်ကို မထင်ပါဘူး နင် ဘယ်လို လူမျိုးလဲဆိုတာ ငါသိပါတယ် ဒါပေမယ့် ငါ အခုပြောတာက နင့်ကို လူတွေ ဘယ်လို မြင်လဲဆိုတာ နင်သိအောင်လို့ ”

“ဘယ်သူက ပြောတာလဲ နှင်းရယ် နင်ကြားတာကော ကြာပြီလား”

“အင်း --- ဘယ်သူပြောသလဲဆိုတာတော့ ငါပြောလို့ မဖြစ်ဘူး ကြားတာကတော့  ဟိုး မစ်တမ်း(Mid Term) စာမေးပွဲ နောက်ဆုံးနေ့ကတည်းက ”

“အဲဒီကတည်းက ပြောရောပေါ့ နှင်းရယ် ”

“ငါလည်း နင့်ကို ပြောသင့် မပြောသင့် ဆုံးဖြတ်နေတာနဲ့ပဲ ဒီလောက်ကြာသွားတာ ဒီနေ့တော့ မပြောမဖြစ်တော့ဘူး ထင်လို့ ငါနင့်ကို ပြောတာ”

“ဒီနေ့တော့ မပြောမဖြစ်လို့ ဟုတ်လား ဒါဆို ငါ့အကြောင်းတွေက အတော်ပျံ့နေပြီပေါ့နော်။ ဘယ်လို လုပ်ရမလဲ နှင်း လူတွေရဲ့ အမြင်ကို ငါဘယ်လို ခြေဖျက်ရမှာလဲ သူငယ်ချင်းရယ်”

အားရပါးရ ငိုလိုက်ချင်ပေမယ့် ငိုဖို့တောင် စိတ်ပျက်တဲ့အထိ စိတ်ဓါတ်ကျနေမိပြီ ။ နှင်းကလည်း ကိုယ့်ကို နှိမ့်သိမ့်ဖို့ စကားလုံးရှာနေတယ် ထင်ပါရဲ့ ။ ဟိုး အဝေးက တောင်တန်းတွေကို မျက်ရည်ဝဲ၀ဲနဲ့ လှမ်းကြည့်နေတော့တာ။ နင်တောင် ငါ့အတွက် ဒီလောက် ခံစားရရင် ငါက ကာယကံရှင်ပါ နှင်းရယ်။



စာသင်ခန်းထဲမှာ ထိုင်နေ စာသင်နေရပေမယ့် စိတ်ကတော့ ဟိုနေ့က နှင်းနှင်းဝေ ပြောခဲ့တဲ့ စကားတွေကိုပဲ ပြန်ကြားယောင်နေမိတယ်။ စာသင်ချိန် ပြီးလို့ ဆရာ ထွက်သွားတော့ နှင်း က

“ ဟိုအကြောင်းပဲ စဉ်းစားမနေနဲ့လေ စာကိုလည်း စိတ်ဝင်စားဦး”

စာအုပ်ကို ကောက်ကိုင်ပြီး နှင်းကို တချက် စောင်းကြည့်ရင်း

“ ငါ ဘာတွေ လုပ်ခဲ့မိလို့ လူတွေက ငါ့ကို ထင်ရတာလဲ နှင်း ”

“ငါလည်း အဲဒါပဲ စဉ်းစားမရ ဖြစ်နေတာ နင့်ကို မနာလိုတဲ့ တစ်ယောက်ယောက်ကများ ဖွလိုက်လား မသိဘူးနော်”

“ငါ့မှာ သူများ မနာလို ဖြစ်စရာ ဘာအားသာချက်များ ရှိလို့လဲ သူငယ်ချင်းရယ်”

“အင်း အဲဒါလည်း ဟုတ်တာပဲ ”

စဉ်းစားစမ်း စဉ်းစားစမ်း ဘာဖြစ်လို့ ကိုယ့်ကို ဒီလို ထင်ရ ပြောရတာလဲ ။ တွေးကြည့်လေလေေ၀၀ါးလေလေနဲ့ ဖြစ်နိုင်ချေကို ရှာမတွေ့ခဲ့။ ဟုတ်ရင်ကျော် ပုပ်ရင်ပေါ်ဆိုပေမယ့် မဟုတ်ဘဲ ပေါ်လာတဲ့ ဒီစကားကြောင့် ကိုယ့်ဘ၀မှာ အမည်းစက်စွန်းပြီ ထင်ပါရဲ့။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“သူ့အကြောင်း မင်းက ဘယ်လောက်သိလို့လဲကွ ငါတို့က တစ်မြို့တည်းသားတွေ သူ့ချည်းပဲ မဟုတ်ဘူး သူ့အမေလည်း အဲဒီလိုင်းပဲ”

သီတာနဲ့ တစ်မြို့တည်းသားဖြစ်တဲ့ ကျော်စိုးက စိတ်ပျက်တဲ့ လေသံနဲ့ ပြောပြီး ကြမ်းပြင်ပေါ် လှဲအိပ်လိုက်ကာ မျက်နှာကျက်ကိုသာ ကြည့်နေတော့တယ်။ ရန်နိုင်ထွန်းက ကိုယ့်ကို နားချလည်း ထူးမှာ မဟုတ်ဘူးဆိုတဲ့ စတိုင်နဲ့ ကိုယ့်စားပွဲပေါ်က ၀တ္ထုကို သည်းကြီးမည်းကြီး ဖတ်နေလိုက်တာများ အမြင်ကတ်စရာ။

ကိုယ်ကလည်း ဒီသတင်းကို ဘယ်လိုမှ မယုံနိုင်။ သီတာ့ စိတ်ထားကို ကိုယ် လုံးဝ နားလည်တယ်။ ခန္ဓာကိုယ်ကို ရင်းနှီးစားသောက်တဲ့အထိ မိုက်မယ့်သူ မဟုတ်။ ဒါပေမယ့် ကြားရတာတွေကို ပြန်လည် ချေပဖို့လည်း မတတ်သာခဲ့။ ဒီနေ့လည်း အိမ်မှာ စာစုလုပ်မယ်ဆိုပြီး ကျော်စိုးကော ရန်နိုင်ထွန်းပါ မနက်ကတည်းက အိမ်ကို ရောက်လာတာ။ ရောက်ကတည်းက ဒီအကြောင်းကို ဆွေးနွေးနေတာ အခုထိ မပြီးသေး။ မေမေကတောင် ထမင်းစားဖို့ လာခေါ်တာ ၃ ခါ ရှိပြီ။

“ဟေ့ကောင် ထကွာ ထမင်းစားရအောင် ရန်နိုင် မင်းလည်း ထတော့ ”

ခေါင်းထဲမှာ ၀င်နေတဲ့ သီတာ့အကြောင်းကို ခဏဖြစ်ဖြစ် မေ့ပစ်နိုင်အောင် ကြိုးစားရင်း ထမင်းစားခန်းထဲကို ဦးဆောင်ပြီး ၀င်ခဲ့လိုက်တယ်။

ထမင်းစားခန်းထဲရောက်တော့ အိမ်မှာ ခေါ်ထားတဲ့ အကူကောင်မလေးက ပြတင်းပေါက်ကနေ ဟိုဘက်အိမ်ကို ကြည့်နေတာကို မြင်တော့ ကျော်စိုးက ကောင်မလေး နောက်ကနေ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ကိုယ့်ကို

“ ဒီမှာ လာကြည့်ပါဦး ကျော်ဇင် မင်းကောင်မလေး ဘယ်လို ဖြစ်နေသလဲဆိုတာ”

မေ့ဖို့ ကြိုးစားကာမှ ကျော်စိုးရာ-------

ဒါပေမယ့်လည်း အဖြေမှန်ကို တွက်ချက်နိုင်ဖို့ ပေးချက် မေးချက်တွေ ပြည့်စုံအောင် ရှာရမယ် မဟုတ်လား သီတာ။ ကိုယ်လှမ်းကြည့်လိုက်မိပါတယ်။

ဟိုဘက်ခြံထဲမှာ အသက် ၄၀ ၀န်းကျင် လူကြီးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေတဲ့ သီတာ။ ဟိုလူကြီးက စားပွဲပေါ်က အထုပ်သေးသေးလေး တစ်ထုပ်ကို သီတာဘက်ကို ထိုးပေးတော့ သီတာက ပြုံးရင်း အသာတကြည် လှမ်းယူလို့ပါလား။

ကိုယ်မျက်နှာလွှဲပြီး ထမင်းစားပွဲမှာ ပြန်ထိုင်တော့ ကျော်စိုးနဲ့ ရန်နိုင်ထွန်းတို့လည်း ၀င်ထိုင်ပြီး ကိုယ့်ကို သနားစရာ သတ္တ၀ါလို ကြည့်နေပါပေါ့လား။

No comments:

Post a Comment