Monday, August 17, 2009

သူငယ်ချင်းများ

ရေးစရာ အကြောင်းအရာတွေ ရှိနေပေမယ့် ရေးဖို့အချိန်က သိပ်မပေးနိုင်လို့ ဘလော့နဲ့ ဝေးနေရတယ်။ ဒီနေ့တော့ အချိန်လည်းရတယ်။ သူငယ်ချင်းတွေကိုလည်း သတိရနေတာနဲ့ သူငယ်ချင်းတွေ အကြောင်း ရေးမယ်လို့ စိတ်ကူးမိတယ်။

ကိုယ့်တို့သူငယ်ချင်းတွေက ဘယ်သွားသွား အုပ်စုနဲ့ ။ တစ်ယောက်သွား အကုန်လိုက် ဖြစ်နေတာလေ။ တစ်ယောက်နဲ့ တစ်ယောက် လျှိုထားလို့ မရဘူး။ လျှိုထားလို့ မိသွားရင် အုပ်စုလိုက်ကို ၀ိုင်းပြောကြတာကိုး။ အဲဒါကြောင့်လည်း တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာပြီး ပိုပြီးသံယောဇဉ် ဖြစ်ခဲ့ကြတယ်လို့ ထင်ပါတယ်။

သူငယ်ချင်းတွေထဲမှာ ချိန်ပါတွေရှိတယ်။ ရုပ်ဆိုးလို့လားလို့ မေးလာရင် မဆိုးပါဘူးလို့ ဖြေရမှာပါ။ ဒါပေမယ့် ခန့်ခန့်ချောချောတွေတော့လည်း မဟုတ်ဘူးပေါ့လေ။ မိဘအသိုင်းအ၀ိုင်းတွေကလည်း သိပ်အခြေအနေ ဆိုးတာ မဟုတ်ကြ။ ပွေတတ် ရှုပ်တတ်တာလည်း မဟုတ်ဘဲနဲ့ကို မစွံတာ။ ချိန်ပါ ဖြစ်နေတာ။ ပိုဆိုးတာက သူတို့ကြိုက်လိုက်တဲ့ မိန်းကလေးတိုင်း သူတို့ကြိုက်ပြီး မကြာခင်မှာ တခြားသူတွေနဲ့ ရည်းစားဖြစ်ဖြစ်သွားတာပဲ ။

သူငယ်ချင်းတစ်ယောက်ဆို (နာမည်တော့ မရေးတော့ပါဘူး ) သူက ကောင်မလေး တစ်ယောက်ကို ကြိုက်တယ်။ အဲဒီကောင်မလေးက သူမကြိုက်ခင်ကဆို ထဘီကို ရင်ခေါင်းအထိ ၀တ်ပြီး အလှလည်း လုံးဝ မပြင်ဘဲ တကယ့်ကို ရိုးရိုးကြီး နေတတ်သူပါ။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းလည်း ကြိုက်ရော ကောင်မလေးက အလှပြင်တတ်လာတယ် ။ မကြာခင်မှာပဲ တခြားတစ်ယောက်နဲ့ ရည်းစား ဖြစ်သွားတယ်။ အဲဒါက ကိုယ့်သူငယ်ချင်း ပွဲဦးထွက် အသည်းကွဲတာပါ။ ဒါက အထက်တန်းကျောင်းမှာ ဖြစ်ခဲ့တာ။

ဒီကောင်ပဲ ဆယ်တန်းဖြေပြီး အားလပ်နေချိန်မှာပေါ့ နောက်ထပ် မိန်းကလေး တစ်ယောက်ကို ထပ်တွေ့ပြန်တယ်။ ဖြစ်ပုံက အဲဒီနေ့မှာ ကိုယ့်သူငယ်ချင်းနဲ့ သူရဲ့ သူငယ်ချင်းတစ်ယောက် (ကိုယ်တို့အဖွဲ့ထဲကတော့ မဟုတ်) ဆိုင်ကယ်စီးပြီး မြို့ပတ်ကြတယ်။ တစ်နေရာရောက်တော့ သူတို့ဆိုင်ကယ်ရှေ့က ဆိုက်ကား နောက်ခုံမှာ ထိုင်လာတဲ့ ကောင်မလေးကို သတိထားမိပြီး ဒီကောင်က ကြွေပါလေရော။ မြို့ငယ်လေးဆိုတော့ သိပ်ပြီး မစုံစမ်းလိုက်ရပါဘူး။ ဒီကောင်မလေး အိမ်ကိုကော ၊ ကောင်မလေး အကြောင်းကိုပါ သိရတယ်။ သိရတော့ ဆက်လိုက်တာပေါ့။

ကောင်မလေး စက်ဘီးနောက်ကို သူတို့နှစ်ယောက်က လိုက်ပြီး ပြုံးပြ ၊ စကားပြောနဲ့ သူ့ကိုယ်သူတော့ ဟုတ်နေပြီပေါ့။ ကောင်မလေးကလည်း ပြန်ပြုံးပြတယ်ဆိုပဲ။ မကြာပါဘူး ။ သူ့ဆိုင်ကယ်နောက်မှာ သူ့ကို အဖော်လိုက်ပေးနေတဲ့ သူ့သူငယ်ချင်းနဲ့ အဲဒီကောင်မလေး ရည်းစား ဖြစ်သွားပါတော့တယ်။

Saturday, August 8, 2009

စစ်ရဲ့ဒဏ်

ငယ်ငယ်တုန်းက ညဘက်တိုက်ပွဲဖြစ်ရင် အိပ်မောကျနေတဲ့ ကိုယ်နဲ့ ကိုယ့်အစ်ကိုကို မိဘတွေက အတင်းလှုပ်နှိုးပြီး ပြေးခဲ့ရတာတွေ၊ အိမ်အောက်က ဗုန်းကျင်းထဲမှာ ၀င်ပုန်းခဲ့ရတာတွေကို မမေ့နိုင်သေးပါဘူး။ ကျည်ဆံတွေ ဘယ်က ကျလာပြီး ဘယ်သူ့ကို ထိမှာလဲဆိုတာကို တွေးတောပြီး ကြောက်ခဲ့ရတာ ပြောမပြတတ်အောင်ပါပဲ။

လူကြီးတွေက အထုပ်ကို အဆင်သင့်ပြင်ထားတယ်။ ပြေးဖို့လေ။ ကိုယ့်အိမ်က တန်ဖိုးကြီး ပစ္စည်းတွေနဲ့ မိသားစုအတွက် အ၀တ်အစား အပိုတစ်စုံစီထည့်ပြီး ထုပ်ထား။ အဲဒီအထုပ်ကို အိပ်ရာနားမှာ အဆင်သင့်ထားပြီး သတိကြီးကြီးနဲ့ အိပ်ရပါတယ်။

ကိုယ်တို့ရွာထက် အခြေအနေဆိုးတဲ့ ရွာတွေအများကြီး ရှိပါသေးတယ်။ သူတို့ဆို ရွာကို စွန့်ပြီး တောထဲမှာ သွားပုန်းနေရတာ နှစ်နဲ့ချီပြီးတောင် ကြာတတ်ပါတယ်။ ကျောင်းတက်နေတဲ့ကလေး တွေကလည်း ဒီနှစ်တက်နေတဲ့အတန်း မပြီးခင် တိုက်ပွဲဖြစ်ရင် ရွာလုံးကျွတ်ပြေးရပြီး တိုက်ပွဲပြီးလို့ ရွာထဲမှာ ပြန်လာနေချိန်ကျတော့လည်း ဒီအတန်းကိုပဲ ပြန်တက်ရပြန်ရော။ တိုက်ပွဲက အချိန်မရွေး ဖြစ်နေတာဆိုတော့ သူတို့ခမျာလည်း အသက်တွေသာ ကြီးသွားတယ် အတန်းက မတက်လာပါဘူး။ ဒီလိုနဲ့ အပျိုပေါက် လူပျိုပေါက်ဖြစ်ရင် ကျောင်းထွက်ပြီး မိဘကို ၀ိုင်းကူ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေကျ သားသမီးတွေရ တိုက်ပွဲတွေဖြစ် တောထဲကိုပြေးနဲ့ သံသရာ လည်နေပါတော့တယ်။

ရွာတွေမှာလည်း အိမ်ကောင်းကောင်း မဆောက်ရဲအောင်ပါပဲ။ သစ်ပေါ ၀ါးပေါတဲ့ ဒေသဖြစ်လို့ အိမ်ကောင်းကောင်း ဆောက်ထားကြပေမယ့် အခန့်မသင့်ရင် ရွာလုံးကျွတ် မီးအရှို့ခံရဖန် များလာတော့ အိမ်ကောင်းကောင်း မဆောက်ရဲတဲ့ ခေတ်တစ်ခေတ် တကယ်ရှိခဲ့ပါတယ်။

တစ်ချို့နေရာတွေဆို အလောင်းတွေ များလွန်းလို့ သွေးညှီနဲ့တွေက လှိုင်နေအောင် ထ တာမျိုးလည်း ရှိခဲ့ပါတယ်။ လူကြီးတွေကတော့ တစ်ခါတစ်လေ ခရီး အလျင်လိုရင် အလောင်းတွေကို မရှောင်နိုင်တော့လို့ ကျော်သွားလိုက်ပါတယ်။

နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုတို့ အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တော့မှ ကိုယ်တို့လည်း သိပ်မပူပန်ဘဲ နေနိုင်ခဲ့တာ။

ကိုယ်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြမိတယ်။ နယ်မြေဒေသ သိပ်မဝေးတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို နားလည်ကြတယ်။ ဒီအဖြစ်တွေကို သူတို့လည်း (ကိုယ်တို့လောက် မဟုတ်ပေမယ့်) ကြုံဖူးကြတယ်လေ။ ဒါပေမယ့် ရဲမှူးကြီးတစ်ယောက်ရဲ့ သမီးကတော့ ကိုယ့်ကိုပြောတယ်။ “အခြေအနေမကောင်းရင် အဲဒီနေရာမှာ မနေနဲ့ပေါ့” တဲ့။ ကိုယ်ဘာမှ ပြန်မပြောလိုက်ပါဘူး။ ပြန်ပြောဖို့ အဖက်မတန်ဘူးထင်လို့။
လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်အုပ်စုနဲ့က အဆင်မ ပြေလေတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြန်ပါပြီ။ ရွာသားတွေလည်း ပြေးနေရပြန်ပါပြီ။ တချို့ မိသားစုလိုက်၊ တချို့ကလည်း အိမ်စောင့် တစ်ယောက် (အထူးသဖြင့် အဖေဖြစ်သူ) ကျန်ရစ်ခဲ့ပြီး ကျန်တဲ့ မိသားစုဝင်တွေက လွတ်ရာကို ရှောင်နေကြနဲ့ စိတ်မကောင်းစရာပါ။

စစ်ရဲ့ဒဏ်ကို စာတွေ့နဲ့ ကြားဖူးနားဝနဲ့တောင် လူအများစုက ကြောက်ရွံ့နေတတ်တာ၊ စစ်ဖြစ်ရာ ဒေသက လူတွေကို သနားနေတတ်တာ၊ ကိုယ်တိုင် ခံစားခဲ့တဲ့ ကိုယ်ကတော့ စစ်ဆိုရင် အမုန်းကြီးမုန်း နေမိပါတော့တယ်။

Wednesday, August 5, 2009

ရှာမတွေ့ခဲ့

အမှန်တရားဆိုတာ ဖုံးကွယ်ထားလို့ မရဘူး တစ်နေ့နေ့ တစ်ချိန်ချိန် ပေါ်ကိုပေါ်လာရမယ်လို့ လူအများစုက ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဘယ်အချိန်ပေါ်ပေါက်လာမယ်လို့တော့ ဘယ်သူမှ ကြိုတင်မခန့်မှန်းနိုင်ဘူးလေ။ တချို့ကိစ္စတွေဆို ကာကယံရှင်တွေသာ ဘ၀ကူးသွားတယ်။ အမှန်တရားက ရုပ်လုံးပေါ်မလာပါဘူး။

မိသားစုဝင်အချင်းချင်း ၊ သူငယ်ချင်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကြားမှာ အထင်အမြင် လွဲမှားတာတွေလည်း ဒီလိုပါပဲ။ ဖွင့်ပြောဖို့ ခက်ခဲတဲ့ ကိစ္စတွေမှာ အမှန်တရား တစ်နေ့ပေါ်လာနိုးနဲ့ စောင့်ရင်း လတွေ ၊ နှစ်တွေသာပြောင်းသွားပြီး အမုန်းထုထည်တွေသာ ကြီးလာတယ် ၊ အမှန်တရားဆိုတဲ့ အရာက ဘယ်ဆီရောက်နေမှန်းမသိ။

ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေမှာတော့ ဇာတ်သိမ်းခါနီးမှာ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာ ပရိသတ်သိအောင် ပြတတ်ပါတယ်။ အဲဒီမှာ တရားသဖြင့်နေတဲ့သူက အနိုင်ရတယ်ပေါ့။ အပြင်လောကမှာတော့ အဲဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မှာပါ။ တချို့သူတွေဆို အများကောင်းကျိုးကို ဘ၀နဲ့ရင်းပြီး ဆောင်ရွက်နေတာတောင် အထင်အမြင် လွဲခံရတာ ရှိပါတယ်။ ဘယ်လောက်ရင်နာစရာ ကောင်းသလဲ။

ကိုယ်က စေတနာနဲ့ ပြောရက်သားနဲ့ ကိုယ့်စေတနာကို လှောင်ပြောင်တာ၊ စော်ကားတာမျိုးကိုလည်း ကြုံဖူးကြမှာပါ။ ဒါမျိုးက မိဘနဲ့ သားသမီး၊ မောင်နှမအချင်းချင်းကြားမှာ ပိုပြီး ဖြစ်လေ့ရှိပါတယ်။ မိဘဘက်ကို ပြန်စဉ်းစားကြည့်ပါ။ သူတို့ကျွေးမွေးစောင့်ရှောက်လာတဲ့ သားသမီးက သူတို့ကို လှောင်ပြောင်စော်ကားတာ သူတို့ရင်ထဲမှာ ဘယ်လောက် ခံစားရမလဲဆိုတာ။ တချို့ဆို နှစ်အနည်းငယ် လအနည်းငယ်လောက် ချစ်ခဲ့ရတဲ့ ချစ်သူ (တကယ်တော့ ချစ်သူဆိုတာလည်း သူစိမ်းပါပဲ။ သူ့ကိုယ်သူထက်တော့ ကိုယ့်ကို ပိုမချစ်ပါဘူး) အတွက် နှစ်ပေါင်းများစွာ ကိုယ့်ကို ကျေးဇူးပြုခဲ့ စေတနာထားခဲ့ ကိုယ့်အတွက်နဲ့ သူတို့ဘ၀ကို ရင်းထားတဲ့ မိဘကို ပြန်ပြောနေလိုက်ကြတာ။

မိတ်ဆွေ သူငယ်ချင်း အချင်းချင်း ကြားမှာလည်း ကိုယ်တွေရဲ့ ရင်းနှီးခင်မင်မှုကို တစ်ယောက်ယောက်က မရှုစိမ့်လို့ပဲဖြစ်ဖြစ် ၊ မရည်ရွယ်ဘဲဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး အထင်အမြင်မှားအောင် လုပ်တတ်ကြပါတယ်။ အဲဒါကို ပထမတော့ “ဒါတွေက အသေးအမွှားပါ အချိန်တန်ရင် ပြီးသွားမှာပါ၊ ငါ့စိတ်ဓါတ်ကို သူသိနေတာပဲ။ သူနားလည်သွားမှာပါ ” ဆိုတဲ့ အတွေးနဲ့ အမှုမဲ့ အမှတ်မဲ့ နေရာက တစ်ယောက်ကို တစ်ယောက် လုံးဝ မယုံကြည်တော့တဲ့ အဆင့်ကို ရောက်သွားသူတွေ အများကြီးပါ။

အဖွဲ့အစည်းလုပ်ငန်း လုပ်တဲ့သူတွေဆို ပိုပြီး သိနိုင်မှာပါ။ ကလိန်ကကျစ် လုပ်နေသူက တစ်ယောက်၊ အထင်မှားခံရသူက တခြားတစ်ယောက် အဲဒီလို လွဲချော်နေတာမျိုး ရှိပါတယ်။ ဒီအလွဲကို ပြန်တည့်အောင် ကြိုးစားဖို့ကလည်း မှန်တဲ့လူဘက်မှာ အားနည်းနေတတ်ပြန်ပါတယ်။ ငွေရေး ကြေးရေး ကိစ္စတွေဆို ပိုပြီး ဖြေရှင်းရခက်ပါတယ်။

ဖုံးကွယ်ထားလို့ မရဘူးဆိုတဲ့ အမှန်တရားက ရှာလို့မတွေ့နိုင်အောင် ခက်ခဲတာတော့ အမှန်ပါပဲ။ ရှိနေတယ်။ သိနေတယ်။ ဒါပေမယ့် လက်တွေ့ပြလို့ မရတဲ့ အနေအထားတွေလည်း ဖြစ်နေပြန်တယ်။ အဲဒီလို တ၀ဲလည်လည်နဲ့ပဲ ဘ၀တုံးသွားသူတွေ မနည်းတော့ပါဘူး။

Sunday, August 2, 2009

မေးခွန်းအတွက် အဖြေ(၂)

အတန်းထဲမှာ သီတာ တစ်ယောက်က လွဲပြီး ဘယ်သူမှ မရှိပါလား။ သီတာ ထိုင်နေတဲ့ ခုံနားမှာ ၀င်ထိုင်လိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေတဲ့ကိုယ့်ကို သီတာက

“နင်တစ်ယောက်တည်းလား ကျော်ဇင်၊ ကျော်စိုးနဲ့ ရန်နိုင်ထွန်းကော”

“ကင်တင်းမှာ”

ခပ်တိုတို ဖြေပြီး ဘလက်ဘုတ်ကိုသာ စိုက်ကြည့်နေမိတယ်။ ငါ့ရင်ထဲမှာ နင့်ကို မေးချင်တာ ပြောချင်တာ အများကြီးပါပဲ သီတာရယ်----

သီတာက သူ့လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ဆွဲထုတ်ပြီး စာကြည့်ဖို့ပြင်တော့

“နေပါဦး ဒီနေ့ ဘယ်ဘာသာ ကျူတိုရီရယ် ရှိလို့လဲ”

“ကျူတိုရီရယ် မရှိပါဘူး။ ငါ ကျောင်းပျက်ထားတာ များတော့ အချိန်ရတုန်း စာကြည့်နေရတာ”

အဲဒါပဲ ငါသိချင်နေတာ --- နင်ဘာလို့ ကျောင်းပျက်တာလဲ---- ဒါပေမယ့် အဲဒီမေးခွန်းဟာ နင် မဖြေချင်ဆုံး မေးခွန်းမှန်း ငါသိနေတော့ ----

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျော်ဇင် ဘာမေးချင်လဲဆိုတာ ကိုယ်ရိပ်မိပါတယ်။ မေးလာခဲ့ရင် ဘယ်လို ဖြေရမလဲဆိုတာ ကိုယ် မတွေးတတ်ပါဘူး။ ကိုယ်မလုပ်ခဲ့တဲ့ အမှားတစ်ခုအတွက် ဖြေရှင်းချက်တောင်းလာရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဘယ်သူများ နားလည်နိုင်မလဲ။ ဘယ်သူများ တတ်စွမ်းသလဲ ။ လေ့လာ သင်ယူလိုက်ချင်ပါတယ်။

မနက်က အဖြစ်ကို စဉ်းစားရင်း ခုတင်ပေါ်မှာ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက် လုပ်နေတဲ့ ကိုယ့်ကို ပုလဲက

“မသီတာ အိပ်မပျော်ရင်လည်း စာ ထ လုပ်ပါလား စာမေးပွဲလည်း နီးနေပြီပဲဟာ”

“မနက်ကျမှ ထလုပ်မယ် ပုလဲရယ်”

“အခုလည်း အိပ်ပျော်တာမှ မဟုတ်ဘဲ ထပါ မသီတာ ပုလဲ လက်ဖက် သုပ်ပေးမယ် ”

ဟင်း --- ကိုယ့်အဖြစ်ကလည်း ကိုယ့်ထက် အတန်းကော အသက်ပါ ငယ်တဲ့သူက ကိုယ့်ကို ပြုပြင် ဆုံးမနေရပါလား-----

ခုတင်ပေါ်က လူးလဲထပြီး စောင်ကို ဖြန့်ပြီးခေါက်လိုက်တော့ အမှတ်မထင် ကိုယ့်စောင် ထောင့်စွန်းက စားပွဲပေါ်က စာအုပ်တစ်အုပ်ကို ထိမိပြီး စာအုပ်က ကြမ်းပြင်ကို ကျသွားတော့တယ်။ စောင်ကို ပြီးအောင် ခေါက်ပြီး ကြမ်းပေါ် ကျနေတဲ့ စာအုပ်ကို ကောက်လိုက်တော့ စာရွက်ခေါက်လေး တစ်ခုက လျှောခနဲ ထွက်ကျသွားပြန်တယ်။

စာကို ကောက်ယူပြီး ဖတ်ကြည့်မိတော့

သီတာ

နင့်မှာ ဘာအခက်အခဲတွေ ရှိနေလဲ။ ငါ့ကို ပြောပြပါလား။ မဟုတ်ရင်လည်း နှင်းနှင်းဝေကို ပြောပြပေါ့။ နင့်အခက်အခဲကို သိမှ နင့်ကို ငါတို့က ကူညီလို့ ရမှာလေ။ ဘာကိစ္စပဲ ဖြစ်ဖြစ် နင်တစ်ယောက်တည်း မဆုံးဖြတ်ပါနဲ့။ စာမေးပွဲလည်း နီးနေပြီ။ ကျောင်းမပျက်ပါနဲ့တော့။

နင့်ကို အမြဲခင်နေမယ့်

ကျော်ဇင်

စာကို ကိုင်ပြီး ငိုင်နေမိတယ်။ လက်ဖက်သုပ်ပန်းကန်နဲ့ ရေနွေးဓါတ်ဗူးကို သယ်ပြီး အခန်းထဲ ၀င်လာတဲ့ ပုလဲက

“ဘယ်သူ့ဆီက စာလဲ မသီတာ အိမ်ကလား ဘာဖြစ်လို့လဲ”

“ကျော်ဇင်ဆီက စာပါ”

“မေးရဦးမယ် ။ ကိုကျော်ဇင်နဲ့ မသီတာက ဘယ်လိုလဲ ”

“ရိုးရိုးသားသားပါပဲ”

“မဖြစ်နိုင်တာ မသီတာကလည်း ကိုယ့်အချင်းချင်းပဲဟာ ပွင့်ပွင့်လင်းလင်းပေါ့ ပြောပြပါ ”

“ကျော်ဇင် အစ်မကို ပရိုပို့စ် လုပ်ထားတာတော့ ဟုတ်တယ်။ ဒါပေမယ့် အစ်မက သူ့ကို သူငယ်ချင်း လိုပဲ ခင်တယ်။ ကျော်ဇင်က စိတ်ကောင်းတယ်။ ဖြောင့်မတ်တယ်။ အစ်မကိုလည်း သူသနားတယ် ထင်ပါရဲ့။ အကူအညီလိုရင် ပြောဖို့ အမြဲပြောတယ်။”

“ပုလဲတို့ အတန်းထဲက ကိုကျော်စိုး ၀မ်းကွဲညီမကို မသီတာ သိတယ် မဟုတ်လား”

“အင်း သိတာပေါ့ တစ်မြို့တည်းသားတွေပဲ”

“သူကတောင်ပြောတယ် မသီတာက ဘာဖြစ်လို့ ကိုကျော်ဇင်ကို ပြန်မကြိုက်တာလဲ မသိဘူးတဲ့”

သူငယ်ချင်းတွေကလည်း ကိုယ့်ကို ဒီလိုပဲ ဝေဖန်ကြပါတယ်။ ကိုယ့်မှာလည်း ပြဿနာတွေ အစုလိုက် အပြုံလိုက်နဲ့မို့ ဒီအချိန်မှာ ဘယ်သူ့ကိုမှ ပြန်ကြိုက်ဖို့ စိတ်မကူးဝံ့ပါဘူး။ ပြီးတော့ ကိုယ့် နာမည် မကောင်းသတင်းထွက်နေတာကို ကျော်ဇင်ကကော မကြားဖူးလို့ ပြောနိုင်မလား။

ကဲ စိတ်ကို ငြိမ်ငြိမ်ထားပြီး စာကြည့် ။ ဒီအဖြေကို စာမေးပွဲပြီးမှပဲ သေသေချာချာ ရှာစမ်းပါ သီတာ----

ကိုယ့်ကိုယ်ကိုယ် ဆုံးမရင်း စာအုပ်တစ်အုပ်ကို ဖွင့်လိုက်မိပါတော့တယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“သေချာလို့လား ကိုခင်မောင် ကောင်မလေး ကြည့်ရတာ ရိုးသားပုံရပါတယ်။ သူများ သမီးပျိုလေးကို လက်လွတ်စပယ် မပြောပါနဲ့ ။ ကျွန်မတို့ သားကကော အဲဒီလောက် မိုက်ပါ့မလား။”

“သိပ်သေချာတာပေါ့ကွာ ငါ့သူငယ်ချင်း မြင့်ထူးကို မင်းသိတယ်မဟုတ်လား။ မြ၀တီနဲ့ ရန်ကုန်ကို ကုန်ကူးနေတဲ့လူလေကွာ”

“သိပါတယ် အဲဒီလူက ဘာဖြစ်လို့လဲ”

“သူက ငါ့ကို ပြောပြတာကွ။ ကောင်မလေး အမေကလည်း အဲဒါပဲ လုပ်စားနေတာတဲ့ ။ ဒီလူ မလိမ်တတ်ဘူးဆိုတာ ငါသိပါတယ်။”

“ကြည့်ရတာ သားနဲ့ အဲဒီကောင်မလေးက သမီးရည်းစား မဖြစ်သေးတဲ့ပုံပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် တိတိကျကျ သိရအောင် စုံစမ်းကြတာပေါ့ ကိုခင်မောင် ။”

တကယ်တော့ ကိုယ်က ချောင်းနားထောင်ဖို့ လာခဲ့တာ မဟုတ်။ မနက်ဖန် စာမေးပွဲကြေး သွင်းဖို့ မေမေ့ဆီမှာ ပိုက်ဆံလာတောင်းရင်း ဖေဖေနဲ့ မေမေ စကားပြောနေတဲ့ အသံကို ကြားလို့ တံခါး မခေါက်သေးဘဲ ရပ်နေရာက ဒီစကားတွေကို ကြားရတာ။

နင့်သတင်း ကြားရတာမှန်သမျှ မောစရာချည်းပါပဲလား သီတာရယ်---------။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Friday, July 31, 2009

မျှဝေတတ်တဲ့သူ

တခါတလေ ကိုယ်သတိမပြုမိတဲ့ အပြုအမူတစ်ခုဟာ အခြားသူတွေကို အနှောင့်အယှက် ပေးနိုင်ပါတယ်။ အလားတူပဲ ကိုယ့်အတွက် မထူးခြားတဲ့ အပြုအမူတစ်ခုဟာ သူတစ်ပါးအဖို့ အတုယူစရာ အားကျစရာ ဖြစ်နေတတ်ပါတယ်။

တခါတုန်းက ကိုယ်တို့ရဲ့ ဆရာမတစ်ယောက်က ကိုယ်တို့ကို မေးတယ်။ ဆရာမက အနောက်တိုင်းသူပါ။ မင်းတို့လူမျိုးတွေရဲ့ အကျင့်စရိုက်တွေထဲမှာ မင်းတို့ဘာကို ကြိုက်သလဲတဲ့။ အဲဒီတော့ ကိုယ်တို့တွေကလည်း တစ်ယောက် တစ်မျိုး ကိုယ်ကြိုက်တာ ကိုယ်ဖြေကြလေသတည်း ပေါ့လေ။ ကိုယ်ကတော့ ကိုယ်တို့ လူမျိုးတွေရဲ့ အခေါ်အဝေါ်တွေမှာ Family Terms သုံးတာကို ကြိုက်တယ်လို့ ဖြေလိုက်ပါတယ်။ ဟုတ်တယ် အဲဒီအလေ့အကျင့်လေးကို ကိုယ်တကယ် သဘောကျတယ်။ အစ်ကို အရွယ်ဆို အစ်ကို ၊ အစ်မအရွယ်ဆို အစ်မ စသဖြင့် ခေါ်ဝေါ်သုံးစွဲတာကို အရမ်းတန်ဖိုးထားမိတယ်။

အားလုံး တစ်ယောက် တစ်ပေါက် ဖြေပြီးတဲ့အချိန်ကျတော့ ဆရာမက ပြောတယ်။ “ငါကတော့ မင်းတို့လူမျိုးတွေဆီက အစားအသောက် မျှဝေတတ်တဲ့ အကျင့်လေးကို ကြိုက်တယ်” တဲ့။ အမှန်အတိုင်းပြောရရင် အဲဒီကိစ္စကို ကိုယ်တကယ် မစဉ်းစားမိဘူး။ ကိုယ်တို့ ငယ်ငယ်လေးကတည်းက တွေ့နေကျ အပြုအမူပဲဆိုတော့ ဒါကို တန်ဖိုးထားစရာ အလေ့အထအဖြစ် ကိုယ်မတွေးမိဘူးဆိုတာ ၀န်ခံပါတယ်။

ကိုယ့်လိုပဲ ကိုယ့်သူငယ်ချင်းတွေလည်း မတွေးမိဘူး ထင်ပါရဲ့။ သူတို့လည်း ဆရာမကို ကြောင်ပြီး ကြည့်နေကြတယ်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒါဟာ တကယ် ချစ်စရာ တန်ဖိုးထားစရာ ကောင်းတဲ့ အလေ့အထတစ်ခုပါပဲ။ အခုမှပဲ ကိုယ်လည်း အဲဒီအလေ့အထ ပျောက်သွားမှာ သိပ်စိုးရိမ်နေမိတော့တယ်။

အဲဒီက တဆင့် တက်ပြီး ကိုယ် တွေးမိတာက စားစရာမှ မဟုတ်ဘဲ ဘယ်အရာကိုမဆို မျှဝေ ခံစားကြမယ်ဆိုရင် ဒီထက်ပိုပြီး ချစ်စရာကောင်းတဲ့ အသိုင်းအ၀ိုင်း ဖြစ်လာမှာ အမှန်ပါပဲလို့လေ။ မျှဝေတတ်တဲ့သူကို ပတ်ဝန်းကျင်က ဒီလို လေးစားပြီး အသိအမှတ်ပြုပါလားလို့လည်း ယုံကြည်မိတယ်။

Monday, July 27, 2009

ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ

မြန်မာအဘိဓါန်မှာ “ထေရ၀ါဒ ဗုဒ္ဓဘာသာသည် ရှင်မဟာ ကဿပ စသော မထေရ်ကြီးတို့မှ အစဉ်မပျက် ဆင်းသက်သော ဗုဒ္ဓသာသနာဖြစ်သည်” လို့ ဖွင့်ဆိုထားပါတယ်။

ထေရ၀ါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းနှစ်ဂိုဏ်းလုံးရဲ့ အခြေခံ သဘောတရားတွေကတော့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကံ ကံ၏ အကျိုးတရား၊ အနတ္တတရား၊ မဂ်တရား၊ ဖိုလ်တရား စသည်ဖြင့် တူပေမယ့် ဓမ္မအယူအဆမှာ ကွဲလွဲချက် အနည်းငယ် ရှိပါတယ်။

မြတ်စွာဘုရား ဟောကြားသော တရားတော်သည် သွာက္ခာတဂုဏ်နှင့်အညီ အစ၊ အလယ်၊ အဆုံး တိတိကျကျ ပြည့်စုံပြီးသားဖြစ်တယ်။ မြတ်စွာဘုရားရဲ့ တရားတော်၊၀ိနည်းတော်တို့ကို လိုက်နာ ကျင့်ကြံအားထုတ်ခြင်း ပြုဖို့လိုတယ်လို့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြပါတယ်။

မဟာယာနဂိုဏ်းဝင်တွေကတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်ဟာ အရင်းခံမျှသာ ဖြစ်တယ်၊ ယင်းကို အခြေပြုပြီး တီထွင် ကြံဆနိုင်တယ်လို့ ယုံကြည်ကြတယ်။ ပြီးတော့ မြတ်စွာဘုရားအပေါ် သဒ္ဓါယုံကြည်မှုရှိရုံနဲ့ မဂ်ဖိုလ်အထိ အဆင့်ဆင့် ရနိုင်တယ်လို့လည်း ယူဆကြပါတယ်။

လောကဓံ လေရိုင်း

လောကဓံဆိုတဲ့လေ။

အမှတ်မထင် ထင်ရာစိုင်း
ရိုင်းသမျှ မွှေ။

တစ်ခါတစ်ရံ ရွက်နုကြွေ
တစ်ခါတစ်ရံ ရွက်နုဝေ
ကြွေတစ်ခါ ဝေတစ်လှည့်။

မုန်းချစ် မဟူသာ
သူ့အခါ သူ့ချိန်ရောက်က
လောကဓံ သူမွှေနှောက်နေကျ
ကြောက်စရာလည်း မလို
ငိုစရာလည်း မဟုတ်
ကြုံလာလျှင် မဖြုန်ချင်စမ်းပါနဲ့
လမ်း မပျောက်စေနဲ့။

တင်မိုး
ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။