Saturday, August 8, 2009

စစ်ရဲ့ဒဏ်

ငယ်ငယ်တုန်းက ညဘက်တိုက်ပွဲဖြစ်ရင် အိပ်မောကျနေတဲ့ ကိုယ်နဲ့ ကိုယ့်အစ်ကိုကို မိဘတွေက အတင်းလှုပ်နှိုးပြီး ပြေးခဲ့ရတာတွေ၊ အိမ်အောက်က ဗုန်းကျင်းထဲမှာ ၀င်ပုန်းခဲ့ရတာတွေကို မမေ့နိုင်သေးပါဘူး။ ကျည်ဆံတွေ ဘယ်က ကျလာပြီး ဘယ်သူ့ကို ထိမှာလဲဆိုတာကို တွေးတောပြီး ကြောက်ခဲ့ရတာ ပြောမပြတတ်အောင်ပါပဲ။

လူကြီးတွေက အထုပ်ကို အဆင်သင့်ပြင်ထားတယ်။ ပြေးဖို့လေ။ ကိုယ့်အိမ်က တန်ဖိုးကြီး ပစ္စည်းတွေနဲ့ မိသားစုအတွက် အ၀တ်အစား အပိုတစ်စုံစီထည့်ပြီး ထုပ်ထား။ အဲဒီအထုပ်ကို အိပ်ရာနားမှာ အဆင်သင့်ထားပြီး သတိကြီးကြီးနဲ့ အိပ်ရပါတယ်။

ကိုယ်တို့ရွာထက် အခြေအနေဆိုးတဲ့ ရွာတွေအများကြီး ရှိပါသေးတယ်။ သူတို့ဆို ရွာကို စွန့်ပြီး တောထဲမှာ သွားပုန်းနေရတာ နှစ်နဲ့ချီပြီးတောင် ကြာတတ်ပါတယ်။ ကျောင်းတက်နေတဲ့ကလေး တွေကလည်း ဒီနှစ်တက်နေတဲ့အတန်း မပြီးခင် တိုက်ပွဲဖြစ်ရင် ရွာလုံးကျွတ်ပြေးရပြီး တိုက်ပွဲပြီးလို့ ရွာထဲမှာ ပြန်လာနေချိန်ကျတော့လည်း ဒီအတန်းကိုပဲ ပြန်တက်ရပြန်ရော။ တိုက်ပွဲက အချိန်မရွေး ဖြစ်နေတာဆိုတော့ သူတို့ခမျာလည်း အသက်တွေသာ ကြီးသွားတယ် အတန်းက မတက်လာပါဘူး။ ဒီလိုနဲ့ အပျိုပေါက် လူပျိုပေါက်ဖြစ်ရင် ကျောင်းထွက်ပြီး မိဘကို ၀ိုင်းကူ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်တွေကျ သားသမီးတွေရ တိုက်ပွဲတွေဖြစ် တောထဲကိုပြေးနဲ့ သံသရာ လည်နေပါတော့တယ်။

ရွာတွေမှာလည်း အိမ်ကောင်းကောင်း မဆောက်ရဲအောင်ပါပဲ။ သစ်ပေါ ၀ါးပေါတဲ့ ဒေသဖြစ်လို့ အိမ်ကောင်းကောင်း ဆောက်ထားကြပေမယ့် အခန့်မသင့်ရင် ရွာလုံးကျွတ် မီးအရှို့ခံရဖန် များလာတော့ အိမ်ကောင်းကောင်း မဆောက်ရဲတဲ့ ခေတ်တစ်ခေတ် တကယ်ရှိခဲ့ပါတယ်။

တစ်ချို့နေရာတွေဆို အလောင်းတွေ များလွန်းလို့ သွေးညှီနဲ့တွေက လှိုင်နေအောင် ထ တာမျိုးလည်း ရှိခဲ့ပါတယ်။ လူကြီးတွေကတော့ တစ်ခါတစ်လေ ခရီး အလျင်လိုရင် အလောင်းတွေကို မရှောင်နိုင်တော့လို့ ကျော်သွားလိုက်ပါတယ်။

နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုတို့ အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တော့မှ ကိုယ်တို့လည်း သိပ်မပူပန်ဘဲ နေနိုင်ခဲ့တာ။

ကိုယ်ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတွေကို ဒီအကြောင်း ပြောပြမိတယ်။ နယ်မြေဒေသ သိပ်မဝေးတဲ့ သူငယ်ချင်းတွေက ကိုယ့်ကို နားလည်ကြတယ်။ ဒီအဖြစ်တွေကို သူတို့လည်း (ကိုယ်တို့လောက် မဟုတ်ပေမယ့်) ကြုံဖူးကြတယ်လေ။ ဒါပေမယ့် ရဲမှူးကြီးတစ်ယောက်ရဲ့ သမီးကတော့ ကိုယ့်ကိုပြောတယ်။ “အခြေအနေမကောင်းရင် အဲဒီနေရာမှာ မနေနဲ့ပေါ့” တဲ့။ ကိုယ်ဘာမှ ပြန်မပြောလိုက်ပါဘူး။ ပြန်ပြောဖို့ အဖက်မတန်ဘူးထင်လို့။
လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်အုပ်စုနဲ့က အဆင်မ ပြေလေတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေပြန်ပါပြီ။ ရွာသားတွေလည်း ပြေးနေရပြန်ပါပြီ။ တချို့ မိသားစုလိုက်၊ တချို့ကလည်း အိမ်စောင့် တစ်ယောက် (အထူးသဖြင့် အဖေဖြစ်သူ) ကျန်ရစ်ခဲ့ပြီး ကျန်တဲ့ မိသားစုဝင်တွေက လွတ်ရာကို ရှောင်နေကြနဲ့ စိတ်မကောင်းစရာပါ။

စစ်ရဲ့ဒဏ်ကို စာတွေ့နဲ့ ကြားဖူးနားဝနဲ့တောင် လူအများစုက ကြောက်ရွံ့နေတတ်တာ၊ စစ်ဖြစ်ရာ ဒေသက လူတွေကို သနားနေတတ်တာ၊ ကိုယ်တိုင် ခံစားခဲ့တဲ့ ကိုယ်ကတော့ စစ်ဆိုရင် အမုန်းကြီးမုန်း နေမိပါတော့တယ်။

No comments:

Post a Comment